ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖို့ဒ်ရဲ့ အဓိက ဗဟိုခံစစ်မှူး ဖြစ်သူ ဘန်မီးက လတ်တလောမှာ ခေတ်စားနေတဲ့ ယူနိုက်တက် ဂန္တဝင် ခံစစ်မှူး ဗီဒစ်နဲ့ လီဗာပူး အသင်းခေါင်းဆောင် ဗန်ဒိုက်တို့ နှစ်ဦးမှာ ဘယ်သူက ပိုကောင်းလဲ ဆိုတဲ့ မေးခွန်းကို နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ဗဟိုခံစစ်မှူး နီမန်ဂျာ ဗီဒစ်နဲ့ လီဗာပူး အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်တို့က အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ဗဟိုခံစစ်မှူးစာရင်းထဲမှာ ပါဝင်သူတွေ ဖြစ်ကြပြီး လီဗာပူး ဂန္တဝင် ဗဟိုခံစစ်မှူး ကာရေဂါက ဗန်ဒိုက်ဟာ ဗီဒစ်ထက် အများကြီး ပိုကောင်းတယ်လို့ ပြောဆိုမှု ကနေ ဗီဒစ်နဲ့ ဗန်ဒိုက်မှာ ဘယ်သူက ပိုကောင်းလဲ ဆိုတဲ့ အငြင်းအခုန် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

Photo Credit: Stretty News

ကစားသမားဘဝ ကနေ အနားယူသွားတာ ဆယ်စုနှစ် တစု ပြည့်တော့မယ့် မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ဗဟိုခံစစ်မှူး ဗီဒစ်က မန်ချက်စတာ ယူနိုက်တက် အတွက် စုစုပေါင်း ပွဲ ၃၀၀ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၁ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄ကြိမ် ရခဲ့ပြီး ကမ္ဘာ့ကလပ်ဖလား ၁ကြိမ် ၊ ချန်ပီယံလိဂ် ၁ကြိမ် ၊ ပရီးမီးယားလိဂ် ၅ကြိမ် ၊ ကားလင်းဖလား ၃ကြိမ် ၊ ကွန်မြူနတီဒိုင်း ၇ကြိမ် စတဲ့ ဆုဖလားအစုံ ၁၇လုံး အထိ ရရှိခဲ့ပါတယ်။

တဖက်မှာ လက်ရှိ လီဗာပူး အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်က လီဗာပူးအတွက် ၂၁၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၉ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၁ကြိမ် ရရှိထားပြီး ကမ္ဘာ့ကလပ်ဖလား ၁ကြိမ် ၊ ချန်ပီယံလိဂ် ၁ကြိမ် ၊ ဥရောပ စူပါဖလား ၁ကြိမ် ၊ ပရီးမီးယားလိဂ် ၁ကြိမ် ၊ ကားလင်းဖလား ၁ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ် ၊ ကွန်မြူနတီဒိုင်း ၁ကြိမ် စတဲ့ ဆုဖလားအစုံ ၇လုံး ရရှိခဲ့ပါတယ်။

Photo Credit: Sky Sports

ယခုအချိန်မှာတော့ ဘောလုံးလောကမှာ ဗီဒစ်က ဗန်ဒိုက်ထက် ပိုကောင်းတယ်လို့ ယုံကြည်နေသူတွေ များသလို ဗန်ဒိုက်က လီဗာပူးအတွက် နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့တဲ့ အမှတ်ပေးဖလား ပြန်ယူပေးခဲ့တာကြောင့် ဗန်ဒိုက်ဟာ ဗီဒစ်ထက် ပိုကောင်းတယ် ဆိုတဲ့ ကာရေဂါရဲ့ အမြင်ကို ထောက်ခံသူတွေလည်း ထုနဲ့ထေးပါပဲ။

ပရီးမီးယားလိဂ်ရဲ့ နောက်ခံလူ တဦး ဖြစ်သလို ဘရန့်ဖို့ဒ်ရဲ့ အဓိက ခံစစ်မှူးလည်း ဖြစ်တဲ့ ဘန်မီးကတော့ ဗီဒစ်ဟာ ဗန်ဒိုက်ထက် ပိုကောင်းတယ်လို့ ယုံကြည်နေပါတယ်။ ဘန်မီးက – “ဗစ်ဒစ်နဲ့ ဗန်ဒိုက်တို့က မတူကွဲပြားတဲ့ ဗဟိုခံစစ်မှူးတွေပါ။ ဒါပေမယ့် ဗီဒစ် ကောင်းခဲ့တဲ့ အချိန်က ဗန်ဒိုက် ကောင်းခဲ့တဲ့ အချိန်တွေထက် အများကြီး ပိုကြာခဲ့တယ်လို့ မြင်ပါတယ်” ဆိုပြီး ပြောကြားကာ ဗီဒစ်ရဲ့ဘက်မှာ ရပ်တည်သွားခဲ့တာပါ။