ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ဒေါ့မွန်ရဲ့ ဒုတိယ အသင်းခေါင်းဆောင် ဂျူ့ဒ် ဘယ်လင်ဟမ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘွန်ဒက်လီဂါ ပွဲစဉ်(၂၉)မှာ ဖရန့်ဖတ်ကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် အဆင့်(၁)နေရာဆီ ပြန်လည် တက်လှမ်းနိုင်ခဲ့ အပြီးမှာ သူတို့အသင်းဟာ ဘွန်ဒက်လီဂါ ချန်ပီယံ ဖြစ်ဖို့ အတွက် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ပရိသတ်တွေကို ကတိပေးသွားခဲ့ပါတယ်။

ဒေါ့မွန်က ယခုနှစ် ဘွန်ဒက်လီဂါ ချန်ပီယံဆု အတွက် လက်ရှိ ချန်ပီယံ ဘိုင်ယန်မြူးနစ်နဲ့ ယှဉ်ပြိုင်နေရပြီး ယမန်နေ့ည အစောပိုင်းမှာ ဘိုင်ယန်မြူးနစ်ဟာ မိန့်ဇ်ကို အဝေးကွင်းမှာ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ချိန်မှာ ဒေါ့မွန်က ဖရန့်ဖတ်ကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ အိမ်ကွင်းမှာ အနိုင် ကစားနိုင်ခဲ့တာကြောင့် အဆင့်(၁)နေရာကို တက်လှမ်းနိုင်ခဲ့တာပါ။

Photo Credit: Euro Sports

ဒေါ့မွန်က ဘိုင်ယန်မြူးနစ် ပြီးနောက် ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ ဒုတိယ အကောင်းဆုံးအသင်း ဖြစ်ပေမယ့် ၂၀၁၂ခုနှစ် နောက်ပိုင်း ဘွန်ဒက်လီဂါ ချန်ပီယံဆုကို မရတော့တာကြောင့် သူတို့အသင်းဟာ ဆယ်စုနှစ် တစုကျော်ကြာ လိဂ်ဖလားကို အရမယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာတော့ ဒေါ့မွန်က သူတို့အသင်းရဲ့ ဆယ်စုနှစ်ကျော်ကြာ တောင့်တခဲ့ရတဲ့ လိဂ်ဖလား ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်မယ့် အိမ်မက်ကို အကောင်အထည် ဖော်နိုင်ဖို့ နီးစပ်နေပြီး ဒေါ့မွန်ဟာ ဘွန်ဒက်လီဂါ ပွဲစဉ်(၂၉) အပြီးမှာ ဘိုင်ယန်မြူးနစ်ထက် ရမှတ် ၁မှတ် အသာစီး ရရှိနေကာ လက်ကျန် ၅ပွဲစလုံးကို အနိုင် ကစားနိုင်ခဲ့မယ် ဆိုရင် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်တော့မှာပါ။

Photo Credit: Euro Sports

ဒါကြောင့်ပဲ ဒေါ့မွန်ရဲ့ ဒုတိယ အသင်းခေါင်းဆောင်လည်းဖြစ် ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားလည်း ဖြစ်တဲ့ ဘယ်လင်ဟမ်က သူတို့အသင်းဟာ ဘွန်ဒက်လီဂါ ချန်ပီယံ ဖြစ်ဖို့ အတွက် ဘာမဆို ပေးဆပ် ကစားသွားမယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဘယ်လင်ဟမ်က – “အရိုးသားဆုံး ပြောရရင် ဘွန်ဒက်လီဂါချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ်က ကျွန်တော့်အတွက် အရာရာပါပဲ။ ကျွန်တော်က အခုချိန်မှာ ဘွန်ဒက်လီဂါ ချန်ပီယံ ဖြစ်မယ့် အကြောင်းကို များများစားစား မပြောချင်သေးပါဘူး။ ကျွန်တော်တို့က နောက်ထပ် ခက်ခဲတဲ့ ၅ပွဲကို ကစားရပါဦးမယ်။ ဒါပေမယ့် ကျွန်တော်က တခြားအရာတွေ အားလုံးထက် ဘွန်ဒက်လီဂါ ချန်ပီယံဘွဲ့ကို လိုချင်ပါတယ်။ ဒါကြောင့် လက်ကျန်ပွဲတွေမှာ ကျွန်တော့်ရဲ့ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသလောက် အစွမ်းကုန် ကြိုးစားမယ်။ အသင်းအတွက် အရာရာ ပေးဆပ် ကစားသွားပါမယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။