အာဆင်နယ်နဲ့ ရီးယဲလ် မက်ဒရစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ အာဆင်နယ်က (၃)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီး သူတို့ကတော့ ကံကောင်းထောက်မစွာနဲ့ (၃)ဂိုးလောက်နဲ့ပဲ ရှုံးခဲ့ရတယ်လို့ ရီးယဲလ် ကွင်းလယ်လူ ဘယ်လင်ဟမ်က ဆိုလိုက်ပါတယ်။

ပွဲမတိုင်ခင်မှာ ရီးယဲလ်က အာဆင်နယ်ကို အနိုင်ယူ ကျော်ဖြတ်နိုင်ဖို့ ရေပန်းစားနေခဲ့သလို ပထမပိုင်း ပွဲချိန်မှာလည်း ဂိုးမရှိသရေ ဖြစ်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဒက်ကလန် ရိုက်စ်က အံ့အားသင့်ဖွယ် ဖရီးကစ်သွင်းဂိုးတွေနဲ့ ဦးဆောင်ခဲ့သလို မယ်ရီနိုကပါ တတိယဂိုးကို သွင်းယူခဲ့တာကြောင့် အာဆင်နယ်က အီမရိတ်ကွင်းမှာ ချန်ပီယံလိဂ် ချန်ပီယံတွေကို အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။

Photo Credit : Al Jazeera

မြောက်လန်ဒန်မှာ အံ့အားသင့်ဖွယ် ရလဒ်ထွက်ပေါ်လာပြီးနောက် အင်္ဂလန်နဲ့ ရီးယဲလ်အသင်းတို့ရဲ့ ကြယ်ပွင့် ဘယ်လင်ဟမ်က သူ့အသင်းရဲ့ ရှုံးနိမ့်မှုအပေါ် တုံ့ပြန်ခဲ့ပြီး စပိန်အသင်းကြီးဟာ အာတီတာရဲ့ အသင်းကို လုံးဝ ယှဉ်ပြိုင်နိုင်စွမ်းမရှိခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။ ဒါ့အပြင် ပွဲရလဒ်ဟာ ဒီထက်တောင် ပိုဆိုးနိုင်သေးတယ်လို့လည်း ဆိုပါတယ်။

ဘယ်လင်ဟမ်က “(၃)ဂိုးပဲ ခွင့်ပြုလိုက်ရတာ ကျွန်တော်တို့ ကံကောင်းပါတယ်။ ကျွန်တော်တို့ ဘယ်နေရာမှာမှ အဆင်မပြေခဲ့ပါဘူး။ ဒါက အမှန်တရားပါပဲ။ အာဆင်နယ်က တကယ်ကောင်းခဲ့ပါတယ်။ သူတို့ရဲ့ (၂)ဂိုးက ဖရီးကစ်တွေကနေ ရခဲ့တယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် သူတို့ ဒီထက်ပိုပြီး သွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယအကျော့ပွဲစဉ်လည်း ရှိပါသေးတယ်။ အဲဒါကိုပဲ ကျွန်တော်တို့ မျှော်လင့်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : Managing Madrid

ရီးယဲလ်က ဒီပွဲမှာ ကွင်းလယ်ပိုင်း အားနည်းချက်တွေ ရှိနေခဲ့သလို နည်းပြကြီး အန်ဆယ်လော့တီရဲ့ ကစားသမား အသုံးပြုမှုအပိုင်းနဲ့ ကစားကွက် အခင်းအကျင်းက လိုအပ်ချက်တွေ ရှိနေခဲ့ပါတယ်။ ပထမအကျော့မှာ (၃)ဂိုးပြတ်နဲ့တောင် ရှုံးနိမ့်ထားတာဖြစ်လို့ ဒုကျော့မှာ ပြန်လာနိုင်ဖို့က ခက်ခဲရပါတော့မယ်။

မက်ဒရစ်ကလပ်ဟာ ဒီပွဲမတိုင်ခင် လာလီဂါမှာလည်း ဗလင်စီယာအသင်းကို အိမ်ကွင်းမှာပဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပေမယ့် တစ်ဘက်မှာ ဘာစီလိုနာကလည်း ဘက်တစ်ကို သရေသာ ကစားနိုင်ခဲ့လို့ လာလီဂါအတွက် မျှော်လင့်ချက် ရှိနေသေးပြီး အခုတစ်ပတ် အလာဗက်စ်နဲ့ပွဲကိုလည်း အမှားအယွင်းမခံ ကစားရပါတော့မယ်။