လူငယ် ဘောလုံးသမားလေးထဲက တစ်နှစ်တာအတွင်း အကောင်းဆုံး ကစားသမားတစ်ဦးကို ရွေးချယ်ပြီး ချီးမြှင့်တဲ့ Golden Boy ဆုရဲ့ ၂၀၂၃ခုနှစ်အတွက် ဆန်ခါတင် ကစားသမားစာရင်း ထုတ်ပြန်လာခဲ့ရာ ရီးယဲလ် မက်ဒရစ်အသင်းက အင်္ဂလန် ကစားသမားလေး ဘယ်လင်ဟမ်က ရေပန်းအစားဆုံး ဖြစ်နေရပါတယ်။

အသက် (၂၁)နှစ်အောက် လူငယ် ကစားသမားတွေထဲကမှ အကောင်းဆုံး ကစားသမားတစ်ဦးကို ရွေးချယ်ပေးအပ်တဲ့ Golden Boy ဆုဟာ လွန်ခဲ့တဲ့ ၂၀၀၃ခုနှစ်ကမှ စတင် ချီးမြှင့်ခဲ့တာဖြစ်ပြီး အခုဆိုရင် အကြိမ် (၂၀)မြောက်ကို ပေးအပ်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Sports Central

အခုနှစ်ရဲ့ Golden Boy ဆုအတွက် ဆန်ခါတင် ကစားသမားစာရင်းထဲမှာ ဘယ်လင်ဟမ် အပါအဝင် မူစီယာလာ ဟွိုင်လန်း ဘဲလ်ဒီ အီဗန်ဖာဂူဆန် မာသီစ်တဲလ် ကိုလ်ဝဲလ်တို့လို ကစားသမားတွေ ပါဝင်လို့နေပြီး ဒီနှစ်မှ ခြေစွမ်းပြလာတဲ့ ယာမယ်လ် နဲ့ အာဒါဂူလာတို့လို ကစားသမားတွေလည်း Wild Card ရရှိသူတွေအဖြစ် ပါဝင်လာပါတယ်။

အီတလီ အားကစားသတင်းစာ Tuttosport ကနေ ကမကထပြုလုပ်ပြီး ဥရောပတစ်လွှားက နာမည်ကျော် အားကစား ဂျာနယ်လစ်တွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ် ချီးမြှင့်တဲ့ Golden Boy ဆုဟာ ကစားသမားတစ်ဦးကို တစ်ကြိမ်သာ ချီးမြှင့်တာဖြစ်လို့ မနှစ်က ဆုရှင်ဖြစ်ခဲ့တဲ့ ဂါဗီက အခုနှစ်ရဲ့ ဆန်ခါတင်မှာ မပါဝင်လာတော့တာပဲ ဖြစ်ပါတယ်။

Photo Credit : Managing Madrid

လာမယ့် ဒီဇင်ဘာလမှာ ပေးအပ်သွားမယ့် Golden Boy ဆုအတွက်ကိုတော့ ရီးယဲလ်အသင်းရဲ့ အင်္ဂလန်ကြယ်ပွင့် ကစားသမားလေး ဘယ်လင်ဟမ်က ဆွတ်ခူးသွားဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေရပါတယ်။

အသက် (၂၀)အရွယ်ရှိ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ကစားသမားလေး ဘယ်လင်ဟမ်ဟာ ဒီနွေမှ ဒေါ့မွန်ကနေ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဒီရာသီမှာလည်း ရီးယဲလ်အတွက် ပြိုင်ပွဲစုံ (၁၀)ပွဲ ကစားထားရင်း (၁၀)ဂိုး သွင်းယူထားသလို (၃)ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။