လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်းနဲ့ Sky Sports ဘောလုံး သုံးသပ်သူ ဂရေဟမ် ဆောင်းနက်စ်က ရီးယဲလ် မက်ဒရစ် ကွင်းလယ်လူ ဂျုဒ် ဘယ်လင်ဟမ်ကို စိတ်ပျက်စရာလို့ သုံးနှုန်းလိုက်ပြီး ဘာစီလိုနာရဲ့ ဆယ်ကျော်သက် ကြယ်ပွင့်လေး လာမင်း ယာမယ်လ် ဆီကနေ သင်ယူဖို့ တိုက်တွန်းလိုက်ပါတယ်။
ဆောင်းနက်စ်ဟာ အင်တာမီလန်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ ဘာစီလိုနာရဲ့ ဆယ်ကျော်သက် ကြယ်ပွင့်လေး ယာမယ်လ်ကို ချီးကျူးစကား ဆိုခဲ့တာပါ။ အဲ့ဒီပွဲမှာ ယာမယ်လ်ဟာ ဘာစီလိုနာအတွက် ပထမဆုံး ချေပဂိုးကို သွင်းယူပေးခဲ့သလို အတွေ့အကြုံရင့် အင်တာမီလန် နောက်ခံလူတွေကိုလည်း ပွဲချိန်တစ်လျှောက်လုံး အခက်တွေ့အောင် ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာဟာ အဲ့ဒီပွဲမှာ ၂ ဂိုးပြတ် ရှုံးနိမ့်နေရာကနေ ၃-၃ သရေရလဒ် ရအောင် ပြန်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
Photo Credit : Goal
Daily Mail အတွက် သူ့ရဲ့ ကလောင်ရှင်ကဏ္ဍမှာ ဆောင်းနက်စ်က ယာမယ်လ်ရဲ့ ရင့်ကျက်မှုအကြောင်းနဲ့ ပတ်သက်ပြီး “ဒီတစ်ပတ် အင်တာမီလန်နဲ့ပွဲမှာ လာမင်း ယာမယ်လ်ကို ကြည့်ရတာ အသက်(၁၇)နှစ်အရွယ်နဲ့ ဘယ်သူမှ ဒီလောက် မကောင်းသင့်ဘူး။ ဒါ မတရားဘူး။ ကျွန်တော် ဒါကို နောက်ပြောင်တဲ့ သဘောနဲ့ ပြောတာပါ၊ ဒါပေမယ့် ကျွန်တော်တို့ဟာ အရမ်းကို ထူးခြားတဲ့ အရည်အချင်းပိုင်ရှင်တစ်ယောက် ပေါ်ထွက်လာတာကို ကြည့်ရှုနေရတယ်ဆိုတာကိုတော့ ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ဘူး။ သူဟာ အသင်းကြီးအတွက် ပွဲ(၁၀၀) ကစားပြီးနေပြီ။ ဇူလိုင်လကျမှ (၁၈)နှစ်ပြည့်မှာ။ သူ့အရွယ် ကစားသမားတစ်ယောက်အတွက် နားလည်ရခက်တာက သူ့ရဲ့ အရည်အချင်းနဲ့ ကာယကြံ့ခိုင်မှုတင် မဟုတ်ဘူး။ ဘောလုံးကွင်းထဲမှာ သူ ဆုံးဖြတ်ချက်ချနိုင်စွမ်းပဲ။”
“သူဟာ သူ့အသက်အရွယ်ထက် အများကြီး ပိုရင့်ကျက်တဲ့ ကစားသမားတစ်ယောက်ဆီက မျှော်လင့်ထားရမယ့် ဆုံးဖြတ်ချက်မျိုးတွေကို ချမှတ်နိုင်တယ်။ သူဟာ ဒီအသက်အရွယ်မှာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ထက်တောင် သာလွန်နေပြီ။ ဒါ့အပြင် သူဟာ ကြိုးစားပမ်းစား ကစားရတဲ့ စည်းကမ်းကိုလည်း ပျော်မွေ့တယ်၊ အဝေးကကြည့်ရင်တော့ အဖက်ဖက်က ပြည့်စုံတဲ့ လူကောင်းလေးတစ်ယောက်ပါပဲ။” လို့ ချီးကျူးသွားခဲ့ပါတယ်။ ယာမယ်လ်ကို ချီးကျူးပြီးနောက်မှာတော့ ဆောင်းနက်စ်ဟာ ရီးယဲလ် မက်ဒရစ်ရဲ့ အသက်(၂၀)အရွယ် အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဟမ်ကို ထောက်ပြပြီး နှိုင်းယှဉ် ဝေဖန်ခဲ့ပါတယ်။ ဘယ်လင်ဟမ်ရဲ့ စပိန်မြေက ပထမဆုံးရာသီဟာ အလွန်အောင်မြင်ခဲ့တာကို အသိအမှတ်ပြုပေမယ့် ဒီနှစ်အတွင်း သူ့ရဲ့ တိုးတက်မှု လမ်းကြောင်းအပေါ် စိုးရိမ်မိကြောင်း ဆောင်းနက်စ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “မကြာသေးခင်က ရီးယဲလ် မက်ဒရစ်မှာ ဂျုဒ် ဘယ်လင်ဟမ်ကို ကြည့်ရတာ စိုးရိမ်စရာပဲ။ သူ စပိန်မှာ မယုံနိုင်လောက်အောင် ကောင်းတဲ့ ပထမရာသီကို ပိုင်ဆိုင်ခဲ့တယ်၊။ ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်လိုပဲ။ ဒါပေမယ့် အခုတော့ သူက ဘယ်သူ့စကားမှ နားမထောင်တော့ဘူးလို့ မြင်နေရတယ်။”
Photo Credit : Marca
“ကျွန်တော် မှားပါစေလို့ ဆုတောင်းပါတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ ဘယ်လင်ဟမ်အတွက် စိတ်ပျက်စရာပဲ၊ ဘယ်လင်ဟမ်ရဲ့ အပြုအမူတချို့ကို မေးခွန်းထုတ်ရမယ်။ သဘောထားကွဲလွဲမှုတွေ ပြတယ်။ ဒိုင်လူကြီးတွေနဲ့ မလိုအပ်ဘဲ ပြဿနာတွေ ဖြစ်တယ်။ တကယ်လို့ သူသာ တစ်ယောက်ယောက်ရဲ့ စကားကို နားထောင်နေတယ်ဆိုရင်တောင် အဲ့ဒီ အကြံဉာဏ်တွေက လမ်းမှားကို ညွှန်ပြနေပုံပဲ။ ပြီးတော့ ဒီလို အပြုအမူတွေကို စိတ်အားထက်သန်မှု လွန်ကဲစွာ ပြသတယ်လို့ သူထင်နေရင်လည်း မှားယွင်းနေတာပဲ။ ဒါဟာ ယာမယ်လ် ရှောင်ရှားရမယ့် ပြီးပြည့်စုံတဲ့ ဥပမာပဲ။”
“ဒါက ဘယ်လင်ဟမ် တစ်ယောက်တည်းကို ပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူ ဒီလမ်းကြောင်းအတိုင်း ဆက်သွားနေတာကိုတော့ မမြင်ချင်ဘူး။ သူ ဘာတွေ မှားနေသလဲဆိုတာကို ဗီဒီယိုတွေ ပြန်ကြည့်သင့်တယ်။ ဒီအကြောင်းကိုပဲ ထပ်တလဲလဲ ပြောနေရတာ မကြိုက်ပေမယ့် ဒါဟာ အနားမှာ အတွေ့အကြုံရင့် ကစားသမားကောင်းတွေ ရှိနေခြင်းရဲ့ တန်ဖိုးပါပဲ။ အရင်က ဒီလို အခြေအနေမျိုးတွေကို ကြုံဖူးပြီး သင့်ကို လမ်းမှန်ပေါ် ပြန်တင်ပေးနိုင်မယ့်သူတွေပေါ့။ ရီးယဲလ် မက်ဒရစ်နဲ့ ဘာစီလိုနာလို ကလပ်တွေမှာ နားထောင်သင့်တဲ့ လူတွေ အများကြီး ရှိမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ သင်ယူဖို့နဲ့ နားထောင်ဖို့ ရပ်တန့်လိုက်ရလောက်အောင် ကိုယ့်ကိုယ်ကို အရမ်း တော်တယ် လိမ္မာတယ်လို့ ဘယ်တော့မှ မယုံကြည်ပါနဲ့ဆိုတဲ့ သတင်းစကားက အမြဲတမ်း မှန်ကန်ပါတယ်။” လို့ မှတ်ချက်ပြုလိုက်ပါတယ်။