စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကွင်းလယ်လူ ဂျု့ဒ် ဘယ်လင်ဟမ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကာဒစ်ဇ် ၀-၃ ရီးရဲလ်မက်ဒရစ် ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုး ၁ဂိုး သွင်းယူပေးရင်း စံချိန်သစ် တခု ထပ်မံ တင်နိုင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၂၀ အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဘယ်လင်ဟမ်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ ဒေါ့မွန်ကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့လာသူ ဖြစ်ပေမယ့် သူက အချိန်တိုအတွင်းမှာ အသင်းနဲ့ အသားကျခဲ့သလို ပါဝင် ကစားတဲ့ ပွဲစဉ်တိုင်း နီးပါးမှာ သွင်းဂိုးတွေ သွင်းယူထားနိုင်ပါတယ်။

Photo Credit: BBC

ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကာဒစ်ဇ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ပွဲစဉ်မှာလည်း ဘယ်လင်ဟမ်က မိုဒရစ် ၊ ခရူးစ် ၊ ဗယ်ဗာဒီတို့နဲ့ တွဲဖက်ကာ ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ်ကို ဦးဆောင် ကစားခဲ့သလို အသင်းရဲ့ ပွဲသိမ်းဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။

ကာဒစ်ဇ် ၀-၃ ရီးရဲလ်မက်ဒရစ် ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ် အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၄မိနစ်နဲ့ ၆၄မိနစ်တွေမှာ တိုက်စစ်မှူး ရိုဒရီဂိုနဲ့ ပွဲချိန် ၇၄မိနစ်မှာ ဘယ်လင်ဟမ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

Photo Credit: Marca

အဆိုပါပွဲဟာ ဘယ်လင်ဟမ် အတွက် ရီးရဲလ်မက်ဒရစ် ကစားသမားဘ၀ ၁၅ပွဲမြောက် ဖြစ်ပြီး ဘယ်လင်ဟမ်က အဆိုပါ ၁၅ပွဲမှာ သွင်းဂိုး ၁၄ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၃ကြိမ် ရရှိထားပါတယ်။

ရီးရဲလ်မက်ဒရစ် ကစားသမား ဘဝ ပွဲဦးထွက် ၁၅ပွဲမှာ သွင်းဂိုး ၁၄ဂိုး အထိ သွင်းယူနိုင်ခဲ့တာကြောင့်ပဲ ဘယ်လင်ဟမ်က ရိုနယ်ဒို(၁၃ဂိုး)ကို ကျော်ဖြတ်ကာ ပွဲဦးထွက် ၁၅ပွဲ အတွင်း ဂိုးအများဆုံး သွင်းနိုင်တဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ဆိုတဲ့ စံချိန်သစ်ကို ရယူနိုင်ခဲ့ပါတယ်။