ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဘယ်လင်ဟမ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့ရတာဟာ ကွင်းလယ်ဒိုင်ရဲ့ အမှားတွေကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ ဒေါ့မွန်တို့က ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ယနေ့မနက် အစောပိုင်းမှာပဲ ချယ်လ်ဆီးရဲ့ အိမ်ကွင်းဖြစ်တဲ့ စတမ်းဖို့ဒ် ဘရေ့ချ်ကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ ချယ်လ်ဆီးက အဓိက ကစားသမားတွေ ဖြစ်တဲ့ စတာလင်းနဲ့ ဟားဗက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဒေါ့မွန်ကို အနိုင်ရကာ နောက်တဆင့်ဆီ တက်သွားခဲ့ပါတယ်။

Photo Credit: Sporting News

ချယ်လ်ဆီးနဲ့ ဒေါ့မွန်တို့က ပထမအကျော့ အဖြစ် ဂျာမန်မြေမှာ ယှဉ်ပြိုင် ကစားခဲ့စဉ်က ဒေါ့မွန်ဟာ ချယ်လ်ဆီးကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် ချယ်လ်ဆီးက နောက်တဆင့် တက်ချင်ရင် အင်္ဂလန်မြေမှာ ဒေါ့မွန်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ယူရမှာ ဖြစ်ပြီး အပြာရောင်တပ်သားတွေက သူတို့ လိုချင်နေတဲ့ ရလဒ်ကို ရအောင် ယူနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးက ဒေါ့မွန်ကို ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့သလို ၂ဂိုးပြတ် အနိုင်ယူနိုင်တဲ့ ခြေစွမ်းမျိုးကိုလည်း ပိုင်ဆိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင် မက်ခီလီရီရဲ့ ဆုံးဖြတ်ချက် တချို့ကတော့ ဧည့်သည် ဒေါ့မွန်အတွက် မကျေနပ်စရာတွေ ဖြစ်ခဲ့ပြီး ဒေါ့မွန်ရဲ့ အဓိက ကွင်းလယ်လူ ဘယ်လင်ဟမ်ကလည်း ဒိုင်ရဲ့ ဆုံးဖြတ်ချက် တချို့က ဟာသတွေ ဖြစ်ကြောင်း ပြောရင်း ပွဲအပြီးမှာ ကွင်းလယ်ဒိုင် မက်ခီလီရီကို ခနဲ့သွားခဲ့ပါတယ်။

Photo Credit: Sporting News

ဘယ်လင်ဟမ်က – “ကျွန်တော် ရပ်နေတဲ့ နေရာကနေ မြင်ရတဲ့ အမြင်ကို ပြောရမယ် ဆိုရင် ဝုလ်ဖ်နဲ့ ချီဝဲလ်တို့က အရမ်းကို ကပ်နေခဲ့ကြတာပါ။ ဒါကြောင့် သူက သူ့ရဲ့လက်နဲ့ ဘောလုံးကို ရည်ရွယ်ချက်ရှိရှိ တားနိုင်မယ်လို့ မထင်ပါဘူး။ သူနဲ့ ချီဝဲလ်တို့ရဲ့ ကြားထဲမှာ ရှိတဲ့ အကွာအဝေးက ၁ကိုက် ဒါမှမဟုတ် ၂ကိုက် ဝန်းကျင်ပဲ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်က ဘာမှတော့ ထပ်မပြောချင်ပါဘူး။ ကျွန်တော်က ဒိုင်လူကြီးတွေကို ဝေဖန်လို့ ဒဏ်ရိုက်ခံရပြီးပြီလေ။ ကျွန်တော်က ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကြောင့် စိတ်ပျက်မိတာတော့ အမှန်ပါ။ ပြီးတော့ ပင်နယ်တီကို ပြန်ကန်ခွင့် ပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကလည်း ဟာသတခုပါပဲ။ ဟားဗက်ဇ် ကန်ခဲ့တဲ့ ပင်နယ်တီလိုမျိုး နှေးနှေးလေး သွားပြီးမှ ကန်တဲ့ ပင်နယ်တီ အလုံးတွေမှာ ခံစစ် ကစားသမားတွေက ဂိုးဧရိယာထဲကို ရောက်နိုင်ချေ အရမ်းကို များပါတယ်။ ဒါကို အရေးမယူသင့်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က သူတို့ရဲ့ ဒီလို ဆုံးဖြတ်ချက်တွေကို လိုက်နာရမယ့် အခြေအနေမျိုးမှာ နေနေရတာပါ။ ဒါကြောင့် ကျွန်တော်တို့က ရှုံးပွဲကိုလည်း လက်ခံရပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။