ဥရောပရဲ့ နိုင်ငံအသင်းတွေ အနက် အင်အားကြီး နိုင်ငံအသင်း တသင်း ဖြစ်တဲ့ ဘယ်လ်ဂျီယံက ယနေ့မနက် အစောပိုင်းမှာ နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် ဂျာမဏီကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဂျာမဏီနိုင်ငံ ၊ ကိုလုံးမြို့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဂျာမဏီနဲ့ ဘယ်လ်ဂျီယံတို့ရဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်းကာ တိုက်စစ်ဖွင့် ကစားခဲ့တာကြောင့် ပွဲဟာ အတော်လေး မြိုင်ခဲ့သလို အပြန်အလှန် သွင်းဂိုးတွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေမှု အပြည့် ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Standard

အဆိုပါပွဲစဉ်မှာ ဂျာမဏီက ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ဖိကစားဖို့ ကြိုးစားခဲ့ပေမယ့် ဘယ်လ်ဂျီယံရဲ့ မြန်ဆန်တဲ့ တိုက်စစ်တွဲလုံးတွေကို မထိန်းနိုင်ခဲ့တာကြောင့် ပွဲအစပိုင်းမှာပဲ သွင်းဂိုး ၂ဂိုး အထိ ခွင့်ပြုပေးခဲ့ရပါတယ်။ ဘယ်လ်ဂျီယံ အတွက် အဖွင့်ဂိုး ၂ဂိုးကို ပွဲချိန် ၆မိနစ်မှာ တောင်ပံကစားသမား ကာရက်စ်ကိုနဲ့ ပွဲချိန် ၉မိနစ်မှာ အဓိက တိုက်စစ်မှူး လူကာကူတို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

ဦးဆောင်ဂိုး ၂ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် ဂျာမဏီက ချေပဂိုးတွေ ပြန်ရဖို့ တရစပ် တိုက်စစ်ဆင်ကာ ကြိုးစားခဲ့ပြီး ပွဲချိန် မိနစ် ၄၀ကျော်မှာတော့ ဂျာမဏီက ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ကာ အဆိုပါ ပင်နယ်တီကို နောက်ပိုင်းပွဲတွေမှာ ဂိုးတွေ ဆက်တိုက် သွင်းနေတဲ့ တိုက်စစ်မှူး ဖောရက်က အမှားအယွင်း မရှိ ကန်သွင်းကာ ချေပဂိုး ၁ဂိုး သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Standard

အဲ့ဒီနောက် နှစ်သင်းစလုံးက အပြန်အလှန် တိုက်စစ်ဆင် ကစားလာတာကြောင့် ပွဲက အကြိတ်အနယ် ပိုရှိလာခဲ့ပြီး ပွဲချိန် ၇၈မိနစ်မှာ ဒီဘရိုင်းက ဘယ်လ်ဂျီယံ အတွက် အနိုင် သေချာစေမယ့် သွင်းဂိုးကို သွင်းယူပေးခဲ့ကာ ပွဲရဲ့ ပွဲသိမ်းဂိုးကိုတော့ ပွဲချိန် ၈၇မိနစ်မှာ ဂျာမဏီရဲ့ တောင်ပံတိုက်စစ် ကစားသမား ဂနာဘရီက သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အစဉ်အလာအားဖြင့် ဂျာမဏီက ဘယ်လ်ဂျီယံကို တွေ့ဆုံမှုတိုင်းမှာ အသာစီးရခဲ့ပေမယ့် ဒီနေ့မှာတော့ ဘယ်လ်ဂျီယံက ဂျာမဏီကို နှစ်ပေါင်း ၆၉နှစ် အတွင်း ပထမဦးဆုံး အကြိမ် အဖြစ် အနိုင်ယူနိုင်ခဲ့ကြောင်း မှတ်တမ်းမှတ်ရာတွေ အရ သိရပါတယ်။