ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၉) အဖြစ် ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပါတယ်။

လီဗာပူးက ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာ ဖြစ်တဲ့ အဆင့်၄အတွင်း ဝင်ရောက်နိုင်ဖို့ နိုင်ပွဲတွေ မဖြစ်မနေ လိုအပ်နေတာကြောင့် ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာ အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပေမယ့် ဖာဘင်ဟို ၊ သီယာဂိုနဲ့ အဲလိယက်တို့ ပါဝင်ခဲ့တဲ့ ကွင်းလယ်ပိုင်းက ဘရန့်ဖို့ဒ်ရဲ့ ကွင်းလယ်ကို အသာစီး မရခဲ့တာကြောင့် ကစားကွက် တည်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit: Standard

ဘရန့်ဖို့ဒ်ကတော့ သူတို့အသင်းရဲ့ ထုံးစံအတိုင်း အဝေးဘောနဲ့ အမြင့်ဘောကိုသာ အသုံးပြုကာ လီဗာပူးကို ယှဉ်ပြိုင် ကစားသွားခဲ့ပြီး အိမ်ကွင်း ပရိသတ်အားနဲ့ အတက်အဆင်း မြန်ဆန်တဲ့ ကစားအားတို့ကြောင့် ဘရန့်ဖို့ဒ်က ပွဲချိန် ၁၉မိနစ်မှာပဲ လီဗာပူး နောက်ခံလူ ကိုနာတေးရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုနဲ့ ပွဲကို စတင် ဦးဆောင်နိုင်ခဲ့ပါတယ်။

ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် လီဗာပူးက ချေပဂိုးတွေ ပြန်လည် သွင်းယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် တိုက်စစ်မှူးတွေ ဖြစ်တဲ့ နူနက်ဇ်နဲ့ ဆာလာတို့က ပုံမှန် ခြေစွမ်းအောက် ရောက်နေခဲ့တာကြောင့် ချေပဂိုး ပြန်ရဖို့ ရုန်းကန်ခဲ့ရပြီး ပွဲချိန် ၄၂မိနစ်မှာတော့ ဘရန့်ဖို့ဒ် တိုက်စစ်မှူး ဝစ်ဆာက ဘရန့်ဖို့ဒ် အတွက် ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပြန်ပါတယ်။

Photo Credit: Standard

 ၂-၀ ဆိုတဲ့ ရလဒ် ဖြစ်သွားချိန်မှာ လီဗာပူးက တသင်းလုံးနီးပါး အရှေ့ကို တက်ကာ ချေပဂိုးတွေ ရဖို့ ကြိုးစားခဲ့ပြီး ပွဲချိန် ၅၀မိနစ်မှာတော့ ချိန်ဘာလိန်က လီဗာပူးအတွက် သိက္ခာဆယ် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ချေပဂိုး တဂိုး ပြန်လည် ရရှိခဲ့ပြီးနောက် လီဗာပူးက ကစားအား ကောင်းကောင်းနဲ့ နောက်ထပ် ချေပဂိုး တဂိုး ထပ်မံ သွင်းယူဖို့ ကြိုးစားခဲ့ပေမယ့် ဘရန့်ဖို့ဒ်ရဲ့ မာကျောတဲ့ ခံစစ်ကြောင်းကို ကျော်လွန်နိုင်ဖို့ ခက်ခဲခဲ့ပြီး ပွဲချိန် ၈၄မိနစ်မှာတော့ ကိုနာတေးရဲ့ ပေါ့လျော့မှု ကနေ တဆင့် အမ်ဘူမိုက ဘရန့်ဖို့ဒ် အတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

အဆိုပါနိုင်ပွဲကြောင့် ဘရန့်ဖို့ဒ်က နှစ်ပေါင်း ၈၅နှစ်ကြာ လီဗာပူးကို အနိုင်မရခဲ့တဲ့ မှတ်တမ်းဆိုးကို ချေဖျက်နိုင်ခဲ့ပြီး ရှုံးပွဲ ကြုံခဲ့ရတဲ့ လီဗာပူးကတော့ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ ပိုမို ရုန်းကန်ရတော့မှာလည်း ဖြစ်ပါတယ်။