ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ အမေရိကန် မေဂျာလိဂ်ကလပ် အယ်လ်အေ ဂလက်ဇီရဲ့ ပူးတွဲပိုင်ရှင်လည်း ဖြစ်တဲ့ ဒေးဗစ် ဘက်ခမ်းက လတ်တလောမှာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်ဟာ နည်းပြကောင်း တဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ကို ဦးဆောင်ပေးနိုင်တဲ့ အရည်အသွေးမျိုးလည်း ရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၄၉နှစ် အရွယ် မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်တို့ရဲ့ ဂန္တဝင် ကစားသမားကြီး ဒေးဗစ် ဘက်ခမ်းက မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် တောင်ပံတိုက်စစ် ကစားသမား ဖြစ်ပြီး ဘက်ခမ်းဟာ သူ့ရဲ့ တိကျ သေသပ်လွန်းတဲ့ ဖြတ်တင်ဘောတွေကြောင့် နာမည်ကျော်သလို ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်ကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲလည်း ဖြစ်ခဲ့ဖူးပါတယ်။

Photo Credit: Mirror

လက်ရှိမှာတော့ ဒေးဗစ် ဘက်ခမ်းက မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီကို အကောင်းဆုံး အုပ်ချုပ်ထားနိုင်ပြီး ဘက်ခမ်းက မက်ဆီ ၊ ဆွာရက်ဇ် ၊ အယ်လ်ဘာ ၊ ဘူးစကွက် စတဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေကို အင်တာ မိုင်ယာမီ ရအောင် ခေါ်ယူနိုင်ခဲ့တာကြောင့် ဘက်ခမ်းရဲ့ အင်တာ မိုင်ယာမီဟာ ဒီရာသီမှာ မေဂျာလိဂ် ချန်ပီယံ ဖြစ်ဖို့ အခြေအနေ ကောင်းနေပါတယ်။

ဘက်ခမ်းရဲ့ အင်တာ မိုင်ယာမီက ကွင်းတွင်း ၊ ကွင်းပြင် အောင်မြင်မှုတွေ တပွေ့တပိုက်ကြီး ရနေချိန်မှာ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်က ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပြီး ရလဒ်တွေ ဆိုးဝါးနေတာကြောင့် ယူနိုက်တက်ရဲ့ နည်းပြချုပ် အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ အဲရစ် တန်ဟက်ဂ်ဟာ ရာသီကုန်ချိန်မှာ ရာထူးကနေ ထုတ်ပယ်ခံရမယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမားတွေ ဖြစ်ကြတဲ့ ရိုင်ကိန်း ၊ ပေါလ်စခိုးလ်တို့က ယူနိုက်တက်ဟာ အဲရစ် တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်သင့်ပြီလို့ ပြောဆိုနေကြပေမယ့် အင်တာ မိုင်ယာမီကို အကောင်းဆုံး အုပ်ချုပ်နေနိုင်တဲ့ ဘက်ခမ်းကတော့ တန်ဟက်ဂ်ဟာ အရည်အသွေးမြင့် နည်းပြ တဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ကို ကောင်းကောင်း ဦးဆောင်နိုင်မယ့် နည်းပြမျိုး ဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။

ဒေးဗစ် ဘက်ခမ်းက – “အဲရစ်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်ဖို့ အရမ်းကို ထိုက်တန်တဲ့ နည်းပြတယောက် ဆိုတာ ကျွန်တော်တို့ အားလုံး သိထားပြီးသားပါ။ သူက နည်းပြကောင်း တဦးပါ။ ပြီးတော့ သူက အသင်းကို လှုံ့ဆော်နိုင်စွမ်းလည်း ရှိပါတယ်” လို့ ပြောကာ အဲရစ် တန်ဟက်ဂ်ကို ယူနိုက်တက်နည်းပြ အဖြစ် ဆက်မြင်ချင်ကြောင်း ပြောကြားသွားခဲ့တာပါ။