လာမယ့် နွေရာသီ အပြောင်းရွှေ့ဈေးကွက်အတွင်းမှာပဲ ဘိုင်ယန်မြူးနစ်အသင်းက အသင်းရဲ့ ကစားသမား (၆)ယောက်ခန့်လောက်အထိကို အသင်းကနေ ရောင်းထုတ်သွားပြီး အသင်းအတွင်း ကစားသမား အပြောင်းအလဲတွေ များစွာ လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဘိုင်ယန်ဟာ မကြာသေးခင်ကမှ နည်းပြအပြောင်းအလဲ လုပ်ဆောင်ထားပြီး နည်းပြ သောမတ်စ် တူဟယ်လ်နေရာမှာ ဘန်လေနည်းပြ ဗင်းဆင့် ကွန်ပနီနဲ့ အစားထိုးခဲ့ရင်း ဒီလို နည်းပြအပြောင်းအလဲ လုပ်ဆောင်ခဲ့တဲ့အပေါ် ဘိုင်ယန်ပရိသတ် အများအပြားကတော့ သိပ်ပြီး သဘောမကျ ဖြစ်နေရပါတယ်။

Photo Credit : GOLPERUoficial

ဒါ့အပြင် လက်ရှိမှာလည်း ဘိုင်ယန်က အသင်းက ကစားသမားတွေဖြစ်တဲ့ ကင်စလေ ကိုးမန်း ၊ ဆာ့ချ် ဂနာဘရီ ၊ လီယွန် ဂေါ်ရက်ဇကာ ၊ ဂျိုရျုအာ ကင်းမစ်ချ် ၊ မာဇရာအူယီနဲ့ မာသိုင်းစ် ဒီလစ်တို့ကိုပါ သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရလာမယ်ဆိုရင် အသင်းကနေ ရောင်းထုတ်သွားဖို့ပါ စီစဉ်လာခဲ့ပါတယ်။

ဒီကစားသမားတွေဟာလည်း လက်ရှိမှာ အနာဂတ် မရေမရာမှုတွေ ဖြစ်ပေါ်နေရပြီး နည်းပြသစ် ဖြစ်လာတဲ့ ကွန်ပနီအနေနဲ့ကလည်း ဘိုင်ယန်အသင်းဆီ ခေါ်ဆောင်ချင်တဲ့ ကစားသမားတွေ ရှိနေမှာဖြစ်လို့ ဒီနွေမှာ ဘိုင်အသင်းအတွင်း ကစားသမား အပြောင်းအလဲတွေ ကြီးကြီးမားမား ဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေရပါတယ်။

Photo Credit : Transfermarket

လက်ရှိမှာတော့ ဘိုင်ယန်နဲ့ သတင်းအထွက်ဆုံး ကစားသမားက ပြီးခဲ့တဲ့ နွေမှာကတည်းက အသင်းဆီ ရောက်ရှိလာဖို့ အနီးစပ်ဆုံး ဖြစ်ခဲ့ရတဲ့ ဖူလ်ဟမ် ကွင်းလယ်လူ ဂာျအို ပါလင်ညာဖြစ်ပြီး ပါလင်ညာကိုယ်တိုင်ကလည်း ဖူလ်ဟမ်ကနေ ဘိုင်ယန်အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေသလို တကယ်လို့ ကင်မစ်ချ်ပါ အသင်းပြောင်းသွားမယ်ဆိုရင် ပါလင်ညာကို မဖြစ်မနေ အရ ခေါ်ယူသွားဖွယ် ရှိနိုင်ပါတယ်။

နောက်ပြီး ဘိုင်ယန်ဟာ ဘွန်ဒက်စ်လီဂါက ကြယ်ပွင့်ကစားသမားတွေကို ပစ်မှတ်ထားလျက် ရှိနေသလို အသင်းမှာ နှစ်အနည်းငယ်လောက်သာ ဆက်ရှိနိုင်တော့မယ့် ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆို ဒေးဗီးစ်နေရာအတွက်ကိုလည်း ကွန်ပနီက သူရဲ့အသင်းဖော်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဇင်ချန်ကို ကို အာဆင်နယ်ကနေ ခေါ်ယူသွားဖို့ပါ အစီအစဉ် ရှိနေပါတယ်။