ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ယမန်နေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၃-၀ ဘိုင်ယန်မြူးနစ် ပွဲအပြီးမှာ အသင်းဖော် ဆာနေးနဲ့ အချင်းများခဲ့သလို ဆာနေးအား ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့တဲ့ မာနေးကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ ဆုံးဖြတ်ထားသလို လာမယ့် နွေဈေးကွက်မှာ ပြန်လည် ရောင်းချဖို့ပါ စီစဉ်နေကြောင်း နာမည်ကြီး ဂျာမန်သတင်းထောက် ပလက်တန်ဘက်က အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ရဲ့ တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ မာနေးနဲ့ ဆာနေးတို့က မန်ချက်စတာ စီးတီး ၃-၀ ဘိုင်ယန်မြူးနစ် ပွဲစဉ်မှာ ဝင်ရောက် ကစားခဲ့ကြသူတွေ ဖြစ်ပြီး အဆိုပါ ပွဲအတွင်းမှာ ဆာနေးက လူစားဝင် တိုက်စစ်မှူး အဖြစ် ဝင်ကစားခဲ့တဲ့ မာနေးကို မလေးစားတဲ့ စကားတွေ ပြောခဲ့ပါတယ်။

Photo Credit: Mirror

ဆာနေးရဲ့ မလေးစားတဲ့ အပြုအမူနဲ့ စကားတွေကြောင့် ဒေါသထွက်သွားတဲ့ မာနေးက အဝတ်လဲခန်းထဲ ရောက်ရှိချိန်မှာပဲ ဆာနေးဆီ သွားကာ ပြဿနာ ရှာခဲ့ပြီး မာနေးက ဆာနေးနဲ့ စကားများနေချိန်မှပဲာ ဆာနေးကို လက်သီးနဲ့ ထိုးကြိတ်ခဲ့ပါတယ်။ မာနေးရဲ့ လက်သီးချက်ကြောင့် ဆာနေးက နှုတ်ခမ်းပေါက်သွားခဲ့ပြီး မာနေးနဲ့ ဆာနေးတို့ရဲ့ ရန်ပွဲကိုတော့ ဘိုင်ယန်မြူးနစ် အသင်းဖော်တွေက ဝင်ရောက် ဖျန်ဖြေပေးခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက အသင်းဖော်ကို ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့တဲ့ မာနေးကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ စီစဉ်နေသလို ဘိုင်ယန်မြူးနစ်ရဲ့ စီနီယာ ကစားသမားတွေကလည်း မာနေးရဲ့ အပြုအမူတွေကို သဘောမကျတာကြောင့် အသင်းကနေ ခပ်မြန်မြန် ရောင်းထုတ်လိုက်ဖို့ ဘုတ်အဖွဲ့ကို တိုက်တွန်းနေကြပါတယ်။

Photo Credit: Goal

နာမည်ကြီး ဂျာမန် သတင်းထောက် တဦး ဖြစ်သူ ပလက်တန်ဘက်ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက မာနေးကို အသင်းကနေ ယာယီ ထုတ်ပယ်တာမျိုး အပါအဝင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ စီစဉ်နေပြီး မာနေးက ယနေ့မှာ သူ့ရဲ့ လုပ်ရပ်အတွက် ဘိုင်ယန်မြူးနစ် အသင်းဖော်တွေကို တောင်းပန်မှာ ဖြစ်ပေမယ့် ဘိုင်ယန်မြူးနစ်ရဲ့ ဘုတ်အဖွဲ့ကတော့ မာနေးကို ရတဲ့ဈေးနဲ့ ပြန်ရောင်းထုတ်တော့မယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်ကသာ မာနေးကို ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်း ဝန်းကျင်နဲ့ ပြန်ရောင်းချမယ် ဆိုရင် မာနေးရဲ့ အသင်းဟောင်း လီဗာပူး အပါအဝင် ဥရောပရဲ့ နာမည်ကြီးကလပ် အများအပြားက မာနေးကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားလာဖွယ် ရှိနေပါတယ်။