ဘိုင်ယန်မြူးနစ်အသင်းက မန်ချက်စတာ ယူနိုက်တက်အသင်း စိတ်ဝင်စားနေတဲ့ သူတို့ရဲ့ တိုက်စစ်ကစားသမားလေး မာသီတဲလ်ကို ရောင်းချသွားဖို့ အစီအစဉ် မရှိပဲ အသင်းမှာသာ ဆက်လက် ထားရှိသွားမယ်လို့ သိရှိရပါတယ်။

လာမယ့်နွေမှာ တိုက်စစ်ပိုင်း အင်အားဖြည့်တင်းမှုတွေ ထပ်မံ လုပ်ဆောင်သွားရဖို့ ရှိနေပြန်တဲ့ ယူနိုက်တက်အသင်းဟာ လတ်တလောမှာတော့ ဘိုင်ယန်မြူးနစ်ရဲ့ ဆယ်ကျော်သက် ပြင်သစ် တိုက်စစ်ကစားသမား မာသီတဲလ်ကို အတော်လေး မျက်စိကျနေပါတယ်။

Photo Credit : Sky Sports

ပြင်သစ် ယူ-၂၁ ကစားသမားလေး မာသီတဲလ်ဟာ ရန်းစ်အသင်းနဲ့ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ၂၀၂၂-၂၃ ဘောလုံးရာသီကမှ ရန်းစ်ကနေ ဘိုင်ယန်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ တောင်ပံမှာရော အထောင်တိုက်စစ်နဲ့ ကွင်းလယ်တိုက်စစ် နေရာအထိပါ လိုက်ပါ ကစားနိုင်တဲ့ စွယ်စုံရ ကစားသမားလေးလည်း ဖြစ်ပါတယ်။

အဆုံးသတ် အလိမ်အခေါက် ပြေးအား ကောင်းမွန်လွန်းတဲ့ မာသီတဲလ်ဟာ ဘိုင်ယန်ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ အသင်းအတွက် (၂၈)ပွဲ ကစားခဲ့ရပြီး (၆)ဂိုးသွင်းယူထားသလို ဒီရာသီမှာလည်း ပြိုင်ပွဲစုံ (၂၈)ပွဲကစားထားပြီးချိန် (၆)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Bavarian Football Works

အသက်အရွယ် ငယ်ရွယ်မှုနဲ့ ပွဲအတွေ့အကြုံ နုနယ်သေးတာတွေကြောင့် ဘိုင်ယန်မှာ ပုံမှန် ပွဲကစားခွင့်တွေ သိပ်မရသေးတဲ့ မာသီတဲလ်ကို ယူနိုက်တက်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့ပေမယ့် ဘိုင်ယန်ကတော့ သူတို့ရဲ့ လူငယ် ကစားသမားလေးကို ရောင်းထုတ်ဖို့ အစီအစဉ်မရှိပဲ စာချုပ်သစ်ပါ ချုပ်ဆိုဖွယ်သာ ရှိနေပါတယ်။

ဖာဘရီဇီယို ရိုမာနိုရဲ့ သတင်းဖော်ပြချက်မှာတော့ ဘိုင်ယန်က မာသီတဲလ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ တွေ့ဆုံရင်း ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ရာ အပြုသဘောဆောင်တဲ့ အခြေအနေတွေ ဖြစ်ခဲ့တာကြောင့် လာမယ့် ဘောလုံးရာသီတွေမှာပါ မာသီတဲလ်က ဘိုင်ယန် ကစားသမားအဖြစ်နဲ့ပဲ ဆက်ရှိသွားရနိုင်ပါတယ်။