ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းရဲ့ ခံစစ်ပိုင်း ပြသာနာတွေ အားနည်းချက်တွေကို ဖြေရှင်းသွားဖို့အတွက် လီဗာပူးလ် ခံစစ်ကစားသမား ဗာဂျယ်လ် ဗန်ဒိုက်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ စပိန်အခြေစိုက် သတင်းစာ Sport ကနေ ဖော်ပြလာခဲ့ပါတယ်။

နယ်သာလန် လက်ရွေးစင် ဗဟိုခံစစ်ကစားသမား ဗန်ဒိုက်ဟာ ဆောက်သမ်တန်ကနေ လီဗာပူးလ်အသင်းဆီ ရောက်ရှိခဲ့တဲ့ ၂၀၁၈ခုနှစ်ကနေ စတင်ပြီး လီဗာပူးလ်ရဲ့ မရှိမဖြစ် အရေးအပါဆုံး အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့သလို အသင်းနဲ့လည်း အဓိကဆုဖလား အများအပြားကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Photo Credit : Sky Sports

လက်ရှိမှာတော့ အသက် (၃၂)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဗန်ဒိုက်က လာမယ့် ၂၀၂၅ခုနှစ်မှာပဲ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာ ဖြစ်သလို လက်ရှိမှာလည်း ဗန်ဒိုက်ရဲ့ ဆရာသမားဖြစ်သူ ယာဂန် ကလော့ပ်ပါ အသင်းနဲ့ လက်တွဲဖြုတ်တော့မှာမို့ ဗန်ဒိုက် အနာဂတ်ဟာလည်း လှုပ်ခတ်လာခဲ့ပါတယ်။

ကလော့ပ်က ဗန်ဒိုက်ကို ဆောက်သမ်တန်ကနေ အရ ခေါ်ယူခဲ့တာဖြစ်ပြီး အခုလို အသင်းကနေ ကလော့ပ် ထွက်ခွာမယ်ဆိုတဲ့ ကိစ္စအပေါ်မှာလည်း အတော်လေး စိတ်ပျက်နေတာကြောင့် လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ကိုပါ အလျင်စလို လုပ်သွားဖို့ ဆန္ဒမရှိတဲ့အပြင် အသင်းက ထွက်ခွာဖို့ပါ ဖြစ်လာနိုင်ပါတယ်။

Photo Credit : beIN SPORTS

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဗန်ဒိုက်ကို ဆော်ဒီစူပါလိဂ် ကလပ်အသင်းတွေက မက်မောလောက်စရာ ကမ်းလှမ်းမှုတွေနဲ့ အပြိုင်အဆိုင် ကမ်းလှမ်းသွားဖို့ ရှိနေတဲ့အပြင် ဂျာမန်ဘီလူးကြီးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကလည်း ဗန်ဒိုက်လို ဝါရင့် ခံစစ်မှူးကြီးကို အလိုရှိလာခဲ့ပါတယ်။

ဘိုင်ယန်ရဲ့ ခံစစ်ကစားသမားတွေဖြစ်တဲ့ ကင်မင်ဂျေး အူပါမယ်ကာနို ဒီလစ်နဲ့ ဒိုင်ယာတို့အားလုံးဟာ အနာဂတ် မရေမရာ ဖြစ်နေတဲ့အပြင် လက်ရှိမှာလည်း ကင်မင်ဂျေးနဲ့ အူပါမယ်ကာနိုတို့ရဲ့ ခြေစွမ်းပိုင်းတွေဟာလည်း အားရစရာ ရှိမနေတဲ့အတွက် ဗန်ဒိုက်ကို ခေါ်ယူဖို့ ပိုမို စိတ်ဝင်စားလာခဲ့ပြီး လာမယ့်နွေမှာပဲ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာနိုင်ပါတယ်။