ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ချယ်လ်ဆီးနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားတဲ့ ပါးလ်မီးရက်စ် လူငယ်ကြယ်ပွင့် အူစတေဗိုကို ကြားဖြတ် ခေါ်ယူဖို့ စီစဉ်နေကြောင်း ဘရာဇီးလ်အခြေစိုက် သတင်းရင်းမြစ်တွေက တညီတညွတ်ထဲ ဖော်ပြလာကြပါတယ်။

အသက် ၁၇နှစ် အရွယ် ဘရာဇီးလ် ယူ-၁၇ လက်ရွေးစင် ဝီလီယံ အူစတေဗိုက ခရူဇီယိုရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့် ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ပါးလ်မီးရက်စ် အတွက် ပုံမှန် ကစားခွင့် ရနေသူပါ။

Photo Credit: Goal

ဘယ်ခြေအားသန် ကစားသမား ဖြစ်တဲ့ အူစတေဗိုက ညာတောင်ပံမှာ အဓိက ကစားလေ့ ရှိပေမယ့် သူက ညာခြေကိုပါ ဘယ်ခြေနီးပါး အသုံးပြုနိုင်စွမ်း ရှိတာကြောင့် ဘယ် ၊ ညာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်သလို ဘယ်ခြေနဲ့ရော ၊ ညာခြေနဲ့ပါ သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေ ရယူနိုင်ပါတယ်။

အူစတေဗိုက ဘယ်ခြေ ၊ ညာခြေ နှစ်ဖက်စလုံး အားသန်သလို ပြိုင်ဘက် ကစားသမားတွေကို တဦးချင်း လိမ်ခေါက် ဖြတ်ကျော်ရာမှာ အတော်လေး ထူးချွန်ပြီး သူ့ရဲ့ ကစားဟန်ကြောင့် ပီအက်စ်ဂျီ တောင်ပံတိုက်စစ် ကစားသမား ဒမ်ဘီလီ ၊ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဗင်နီးစီးယပ်စ် စတဲ့ ကမ္ဘာ့အဆင့် တောင်ပံတိုက်စစ် ကစားသမားတွေနဲ့ ခိုင်းနှိုင်းခံနေရပါတယ်။

Photo Credit: Standard

ပါးလ်မီးရက်စ်နဲ့အတူ တောက်ပနေတာကြောင့် ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့ အပါအဝင် ဥရောပ ထိပ်သီးအသင်းတွေက အူစတေဗိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ချယ်လ်ဆီးကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အူစတေဗိုနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ကာ အူစတေဗိုကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံးအသင်း ဖြစ်နေပါတယ်။

နာမည်ကြီး ဘရာဇီးလ်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Goal BRရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ချယ်လ်ဆီးပစ်မှတ် အူစတေဗိုကို ကြားဖြတ် ခေါ်ယူဖို့ လှုပ်ရှားမှုတွေ စလုပ်နေပြီး ဘိုင်ယန်မြူးနစ်က အူစတေဗို အတွက် စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း (ကနဦး ပြောင်းရွှေ့ကြေး + အပိုဆုကြေး) သုံးစွဲဖို့ စီစဉ်ထားကြောင်း သိရှိရပါတယ်။