လီဗာပူးလ်အသင်းက လေဗာကူဆင်ရဲ့ ကွင်းလယ်တိုက်စစ်ကြယ်ပွင့် ဖလိုရီယန် ဝါ့ဇ်ကို ပေါင်(၁၂၆)သန်းနဲ့ ခေါ်ယူဖို့ ရေပန်းစားနေချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ အခြားပစ်မှတ်တစ်ခုဆီ အာရုံပြောင်းလိုက်ရပြီ ဖြစ်ပါတယ်။ သတင်းတွေအရ ဂျာမန်ဘီလူးကြီးဟာ ခရစ္စတယ်ပဲလေ့စ်ရဲ့ ကြယ်ပွင့်ကစားသမား အီဘယ်ရီချီ အက်ဇီးကို ပေါင်(၆၈)သန်းနဲ့ ခေါ်ယူဖို့ စတင်ချိတ်ဆက်နေပြီလို့ သိရပါတယ်။
ဘွန်ဒက်လီဂါထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းဟာ လေဗာကူဆင်ရဲ့ ကြယ်ပွင့် ဝါ့ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှုမှာ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း ဝန်ခံလိုက်ရပါတယ်။ အသက်(၂၂)နှစ်အရွယ် ဂျာမန် ကွင်းလယ်တိုက်စစ်ကစားသမား ဝါ့ဇ်ဟာ လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ဖို့ ပိုမို စိတ်အားထက်သန်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Photo Credit : Bavarian Football Works
ဂျာမနီကလာတဲ့ သတင်းတွေအရ ဝါ့ဇ်ဟာ လေဗာကူဆင်မှာ (၅)နှစ်ကြာ ဖြတ်သန်းပြီးနောက် ဂျာမနီပြင်ပမှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုတဲ့အတွက် မာဆေးဆိုဒ်ကလပ်(လီဗာပူးလ်)အတွက် ကစားလိုကြောင်း ဘိုင်ယန်အကြီးအကဲတွေကို အသိပေးခဲ့တယ်လို့ စနေနေ့က ဖော်ပြခဲ့ကြပါတယ်။ ဒါကြောင့် ဘိုင်ယန်အသင်းဟာ အခြား ရွေးချယ်စရာတွေဘက်ကို အာရုံစိုက်လာခဲ့ပြီး အက်ဇီးက သူတို့ရဲ့ အပြောင်းအရွှေ့ ပစ်မှတ်စာရင်းမှာ ထိပ်ဆုံးက ပါဝင်လာခဲ့ပါတယ်။
The Mirror သတင်းစာရဲ့ ဖော်ပြချက်အရ ကလပ်အသင်းတွေဟာ လာမယ့်နွေမှာ အသက်(၂၆)နှစ်အရွယ် အက်ဇီးရဲ့ စာချုပ်ပါလျော်ကြေး ပေါင်သန်း(၆၀)နဲ့ အပိုဆုကြေး ပေါင်(၈)သန်း (စုစုပေါင်း ပေါင် ၆၈ သန်း) ကို ပေးချေပြီး ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။ ဘိုင်ယန်နဲ့ ပဲလေ့စ်အသင်းတို့ရဲ့ ဆက်ဆံရေးဟာ ပြီးခဲ့တဲ့နွေရာသီက မိုက်ကယ် အိုလီဆေးကို ပေါင်(၅၀.၈)သန်းနဲ့ ခေါ်ယူထားသေးတာကြောင့် ကောင်းမွန်နေတယ်လို့ ယူဆရပါတယ်။ အိုလီဆေးဟာ အက်ဇီးနဲ့လည်း ရင်းနှီးတဲ့သူငယ်ချင်းဖြစ်ပါတယ်။
Photo Credit : British GQ
ဘိုင်ယန်ဟာ အက်ဇီးအပြင် ဘရိုက်တန်က ကာအိုရူ မိတိုမာနဲ့ အေစီမီလန်က ရာဖေးလ် လီယာယိုတို့ကိုလည်း စောင့်ကြည့်နေတယ်လို့ ယုံကြည်ရပါတယ်။ ပဲလေ့စ်အသင်းကတော့ ဒီလထဲမှာ မန်ချက်စတာ စီးတီးကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပြီး သူရဲကောင်းဖြစ်ခဲ့တဲ့ အက်ဇီးကို အသင်းမှာ ဆက်ထိန်းထားလိုနေပါတယ်။
အက်ဇီးဟာ ပဲလေ့စ်အသင်းအတွက် အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြသနေတာကြောင့် လာမယ့်နွေမှာ ဒီကစားသမားကို ဘိုင်ယန်အပါအဝင် ကလပ်အသင်း တော်တော်များများက ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာနိုင်ပြီး ပဲလေ့စ်အနေနဲ့ အက်ဇီးကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့က ခက်ခဲရနိုင်ဖွယ် ရှိနေပါတယ်။