ဘိုင်ယန်မြူးနစ်အသင်းကတော့ လာမယ့်နွေမှာ အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ကင်စလေ ကိုးမန်းကို အသင်းကနေ ရောင်းထုတ်သွားပြီးတော့ လေဗာကူဆင်အသင်းက ကွင်းလယ်တိုက်စစ်ကစားသမားလေး ဖလော်ရီယန် ဝစ်ဇ်ကို ပြန်လည် ခေါ်ယူသွားဖို့ စီစဉ်ထားတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

Sky Germany ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်ဟာ အသင်းရဲ့ ပြင်သစ် တောင်ပံကစားသမား ကိုးမန်းကို လာမယ့်နွေမှာ ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀) ယူရိုသန်း(၄၀)လောက်နဲ့ ရောင်းချသွားချင်နေပြီး ကိုးမန်းက ဘိုင်ယန်မှာ တစ်နှစ်ကို ယူရို(၁၈)သန်းလောက်အထိ ရရှိနေတာဖြစ်လို့ ဒီကစားသမားကိုသာ ရှင်းထုတ်နိုင်မယ်ဆိုရင် ကုန်ကျစရိတ်တွေ သက်သာလာနိုင်မှာ ဖြစ်ပါတယ်။

Photo Credit : BeSoccer

ဒါ့အပြင် ဘိုင်ယန်အနေနဲ့ ကိုးမန်းလို လုပ်ခလစာ မြင့်မားတဲ့ ကစားသမားတစ်ဦးကို ရှင်းထုတ်နိုင်မယ်ဆိုရင် သူတို့ အမှန်အကန် လိုချင်နေတဲ့ ဂျာမနီကြယ်ပွင့်လေး ဖလော်ရီယန် ဝစ်ဇ်ကို ခေါ်ယူဖို့အတွက်မှာပါ အထောက်အကူပြုလာနိုင်ပါလိမ့်မယ်။ အသက်(၂၁)အရွယ် ကစားသမားလေးဟာ ဘိုင်ယန်အပြင် မန်စီးတီး ရီးယဲလ် လီဗာပူးလ်တို့လို အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေသူလည်း ဖြစ်ပါတယ်။

ကွင်းလယ်တိုက်စစ်မှာရော inverted winger အဖြစ်ရော တစ်ခါတစ်လေ false nine အဖြစ်ပါ ကစားတက်တဲ့ ဖလော်ရီယန် ဝစ်ဇ်ဟာ လေဗာကူဆင်နဲ့အတူ တောက်ပခဲ့တဲ့ ကြယ်ပွင့်လေးဖြစ်ပြီး တစ်ကွင်းလုံး လိုက်ပါကစားနိုင်သလို ဂိုးသွင်းအားရော ဂိုးဖန်တီးမှုအားပါ ကောင်းမွန်တဲ့ ကစားသမားကောင်းတစ်ဦး ဖြစ်ပါတယ်။

Photo Credit : Gist Reel

ဒီရာသီထဲမှာ လေဗာကူဆင်အတွက် ပြိုင်ပွဲစုံ (၁၅)ဂိုး သွင်းယူထားပြီး (၁၃)ဂိုးဖန်တီးပေးထားနိုင်ခဲ့တဲ့ ဖလော်ရီယန် ဝစ်ဇ်က လာမယ့်နွေမှာတော့ အသင်းကနေ ထွက်ခွာသွားမယ့် အခြေအနေမျိုး ရှိနေပြီး သူ့ကိုလည်း ဘိုင်ယန်နဲ့ မန်စီးတီးတို့က အပြိုင် ကမ်းလှမ်းကြဖွယ် ရှိနိုင်သလို ကစားသမားကိုယ်တိုင်ကလည်း ဂျာမနီမှာ ဆက်နေဖို့အတွက် ဘိုင်ယန်ဆီ ပြောင်းဖွယ် ရှိနိုင်ပါတယ်။

လက်ရှိ ဒီကစားသမားလေးရဲ့ တန်ကြေးက ယူရိုသန်း(၁၀၀)ကျော်တဲ့အထိ ရှိနေတာကြောင့် ဘိုင်ယန်က အသင်းကနေ ကစားသမား တချို့ကို ရောင်းထုတ်ပြီးမှသာ ဝစ်ဇ်ကို ခေါ်ယူဖို့ အဆင်ပြေနိုင်မှာဖြစ်ပြီး ရောင်းချခံရနိုင်တဲ့ ကစားသမားထဲမှာ ကိုးမန်းလည်း ပါဝင်နေပါတယ်။ ကိုးမန်းကိုလည်း အယ်လ်နာဆာ အယ်လ်ဟီလာတို့လို ဆော်ဒီကလပ်အသင်းတွေက စိတ်ဝင်စားလျက် ရှိနေပါတယ်။