ဘိုင်ယန်မြူးနစ်အသင်းကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာပဲ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ဂျိုရှုအာ ကင်မစ်ချ်ကို အသင်းကနေ အပြီးသတ် ရောင်းထုတ်သွားဖို့ စီစဉ်ထားတယ်လို့ ဂျာမန် ထိပ်တန်း သတင်းစာ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၈)နှစ်အရွယ် ဂျာမနီ လက်ရွေးစင် ကွင်းလယ်ကစားသမား ကင်မစ်ချ်ဟာ လိုက်ပ်ဇစ်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရင်း ၂၀၁၅ခုနှစ်မှာပဲ ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Eurosport

ဘိုင်ယန်နည်းပြဟောင်း ဂွာဒီယိုလာလက်ထက်မှာ ဘိုင်ယန်အတွက် ပွဲကစားခွင့်တွေ ရရှိလာခဲ့တဲ့ ကင်မစ်ချ်ဟာ အခုဆိုရင်တော့ ဘိုင်ယန်ရဲ့အမာခံ ကစားသမားတစ်ဦးပါ ဖြစ်နေပေမယ့် သူရဲ့ စာချုပ်သက်တမ်းကတော့ လာမယ့်နှစ် ဇွန်လမှာပဲ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ကင်မစ်ချ်လို ထိပ်တန်း ကွင်းလယ်ကစားသမားတစ်ဦးကို ကလပ်အသင်းတိုင်းက အလိုရှိနေကြပြီး ဒီထဲမှာ ဘာစီလိုနာ ပီအက်စ်ဂျီ မန်စီးတီး လီဗာပူးလ် မန်ယူနိုက်တက် နဲ့ ချယ်လ်ဆီးတို့လည်း ပါဝင်နေကြပါတယ်။ ဒီအသင်းတွေထဲမှ ဘာစီလိုနာအသင်းက နည်းပြဇာဗီကိုယ်တိုင် ကင်မစ်ချ်ကို ချိတ်ဆက်မှုတွေ မကြာခဏ လုပ်ဆောင်ထားပါတယ်။

Photo Credit : Bavarian Football Works

လက်ရှိမှာ ဘိုင်ယန်အနေနဲ့ ကင်မစ်ချ်ကို စာချုပ်သက်တမ်း တိုးမြှင့်ဖို့အတွက် လုပ်ဆောင်လျက် ရှိနေတယ် ဆိုပေမယ့်လည်း တကယ်လို့ ကင်မစ်ချ်က စာချုပ်ကိစ္စကို တုံ့ပြန်ခြင်း မရှိပဲ ၂၀၂၅မှာ သူရဲ့စာချုပ်သက်တမ်း ကုန်ဆုံးသွားမယ်ဆိုရင် ကင်မစ်ချ်လို ကစားသမားမျိုးကို အလွတ်နဲ့ လက်လွတ်ရတော့မှာ ဖြစ်ပါတယ်။

ဒီလိုသာ ဖြစ်သွားမယ်ဆိုရင် ကင်မစ်ချ်ကို ဘာစီလိုနာက အလွတ်နဲ့ သေချာပေါက် ခေါ်ယူမှာဖြစ်လို့ ဘိုင်ယန်အနေနဲ့ လာမယ့်နွေမှာပဲ ပြောင်းရွှေ့ကြေး တစ်ရပ်ရပ်နဲ့ ရောင်းထုတ်သွားဖွယ် ရှိနိုင်ပြီး ကင်မစ်ချ်ရဲ့ လက်ရှိတန်ကြေးဟာလည်း ယူရို (၇၅)သန်းလောက်အထိကို ရှိနေပါတယ်။