ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးကို နွေအပြောင်းအရွှေ့မှာ ရောင်းချဖို့ ဖိအားပေးခံနေရပေမယ့် အကယ်၍ လီဝမ်ဒေါစကီးကို လိုချင်နေတဲ့ အသင်းကသာ သူတို့ဘက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို မပေးနိုင်ရင် လီဝမ်ဒေါစကီးကို ရောင်းချဖို့ထက် အသင်းမှာသာ ဆက်ထားဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန်လက်ရွေးစင် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးက ဘိုင်ယန်မြူးနစ်ရဲ့ မရှိမဖြစ် ကစားသမား အနည်းစုထဲက တဦး ဖြစ်ပေမယ့် သူနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းက ၁နှစ်ကျော်သာ ကျန်တော့သလို လီဝမ်ဒေါစကီးကလည်း သူ့ကို အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တရားဝင် တောင်းဆိုထားပါတယ်။

Photo Credit: Sports Buzzer

 

လက်ရှိမှာတော့ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေသလို လီဝမ်ဒေါစကီးကလည်း ဘာစီလိုနာထံ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားပါတယ်။

ဒါပေမယ့် ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့ကြားမှာ လီဝမ်ဒေါစကီးရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး သဘောတူညီမှု တခု ရဖို့ ခက်ခဲနေပြီး ဘိုင်ယန်မြူးနစ်က လီဝမ်ဒေါစကီး အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၅သန်းနဲ့ ၅၀သန်းကြား အလိုရှိနေပေမယ့် ဘာစီလိုနာကတော့ လီဝမ်ဒေါစကီး အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းနဲ့ ၃၅သန်းကြားသာ ပေးချေချင်နေပါတယ်။

ဒါကြောင့်ပဲ လီဝမ်ဒေါစကီး တယောက် ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာဆီ ပြောင်းရွှေ့နိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကာ ဘိုင်ယန်မြူးနစ်ရဲ့ ဥက္ကဌ ဟိုင်နာကတော့ သူတို့အသင်းဟာ လီဝမ်ဒေါစကီးကို ရောင်းထုတ်ဖို့ အလျင်မလိုကြောင်းနဲ့ အကယ်၍ လီဝမ်ဒေါစကီးက အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုပဲ လာမယ့် ဘောလုံးရာသီ အကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားမှာကိုလည်း မကြောက်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sports Buzzer

ဟိုင်နာက – “ကျွန်တော်တို့က လီဝမ်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်နဲ့ ၂၀၂၃ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ရှိနေသေးတယ်လို့ အမြဲတမ်း ပြောထားပါတယ်။ ပြီးတော့ စာချုပ်ဆိုတာ စာချုပ်ရဲ့ သဘောတရား အတိုင်းပဲ ရှိနေဆဲပါ။ တကယ်လို့ ကစားသမား တယောက်ကသာ စာချုပ်သက်တမ်း မကုန်ဆုံးခင် အသင်းနဲ့ စာချုပ်ဖျက်သိမ်းခွင့် ရှိမယ် ဆိုရင် ဒါက ကျွန်တော်တို့ အသင်းတွေ အတွက် မတရားတဲ့ ကိစ္စတခု ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဒါမျိုးက မဖြစ်လာနိုင်ပါဘူး။ ပြီးတော့ လီဝမ်ဒေါစကီး တယောက် အခုလိုမျိုး သူ့ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး လူသိရှင်ကြား ထုတ်ပြောတာမျိုးက ကျွန်တော့်ကို အတော်လေး အံ့အားသင့်စေပါတယ်။ ကျွန်တော်သာ သူ့နေရာမှာဆိုရင် ဒီလိုမျိုး မလုပ်ပါဘူး။ သူက ဘိုင်ယန်မြူးနစ်နဲ့ အတူ အချိန်အကြာကြီး ရှိနေခဲ့သလို ဆုဖလားပေါင်း များစွာကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေး အခြေအနေကလည်း ကစားသမား တယောက်ကို ရောင်းထုတ်ရတဲ့ အထိ မဆိုးရွားသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့က လီဝမ်ဒေါစကီးကို ဆက်ပြီး ထိန်းသိမ်းထားနိုင်ဖို့ပဲ မျှော်မှန်းထားပါတယ်။ တကယ်လို့ သူ့ဘက်က လာမယ့်ရာသီ အကုန်မှာ အသင်းကနေ အလွတ်နဲ့ ထွက်ချင်တယ် ဆိုရင်လည်း သူ့သဘောပါ။ ကျွန်တော်တို့တောင် ဒီရာသီမှာ အေဂျက်ကနေ မာဇာရုန်နီကို အလွတ်နဲ့ ခေါ်ထားတာပဲလေ” လို့ ထုတ်ဖော် ပြောကြားသွားတာပါ။