ဂျာမန အင်အားကြီး ကလပ်အသင်း ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းအတွက် နည်းပြသစ်တစ်ဦးကို အပူတပြင်း ရှာဖွေလျက် ရှိနေရာ လက်ရှိမှာတော့ ဘန်လေအသင်းနည်းပြ ဗင်းဆင့် ကွန်ပနီကို နည်းပြရာထူး ခန့်အပ်သွားဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီခက် ရရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

နည်းပြ သောမတ်စ် တူဟယ်လ်နဲ့ ဒီရာသီအကုန်မှာ လမ်းခွဲဖို့ သဘောတူညီ ရခဲ့ပြီးနောက်ပိုင်းကတည်းက နည်းပြသစ် ရှာဖွေနေခဲ့တာဖြစ်ပြီး အလွန်ဆို နာဂယ်စမန်း ရန်းနစ် အမ်မရီတို့ကို ကြိုးစားခဲ့သလို တူဟယ်လ်ကိုပါ အသင်းမှာပဲ ဆက်ထားဖို့ လုပ်ဆောင်ခဲ့ပေမယ့်လည်း အဆင်မပြေပဲ ​ဖြစ်ခဲ့ရပါတယ်။

Photo Credit : Sky Sports

ဒါကြောင့် ဘိုင်ယန်က ဒီရာသီမှ ပရီးမီးယားလိဂ်ကို တန်းတက်လာပြီး ရာသီအကုန်မှာ ချန်ပီယံရှစ်ဆီ တန်းပြန်ဆင်းသွားတဲ့ ဘန်လေအသင်းရဲ့ နည်းပြဖြစ်သူ ကွန်ပနီကို ပြောင်းလဲ ပစ်မှတ်ထားလာခဲ့ပါတယ်။ မန်စီးတီး ကစားသမားဟောင်းကြီး ကွန်ပနီဟာ အန်ဒါလက်ချ်နဲ့ ဘန်လေတို့ကိုသာ ကိုင်တွယ်ဖူးပြီး နည်းပြသက်တမ်း နုနယ်သေးပေမယ့် အလားအလာကောင်းတွေ ပိုင်ဆိုင်ထားသူမို့ ဘိုင်ယန်က စိတ်ဝင်စားလာခဲ့ပါတယ်။

ကွန်ပနီကိုယ်တိုင်ကလည်း ဘိုင်ယန်နည်းပြရာထူးကို ရယူသွားဖို့အတွက် စိတ်ဝင်စားလာခဲ့တာကြောင့် ဘိုင်ယန်တာဝန်ရှိသူများနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ရင်း နောက်ဆုံးမှာတော့ ဘိုင်ယန်နဲ့ ကွန်ပနီတို့ကြား သဘောတူညီမှု ရရှိသွားခဲ့ရပါတယ်။ ကွန်ပနီကို ဘိုင်ယန်နည်းပြအဖြစ် မြင်တွေ့ရဖို့အတွက် ဘိုင်ယန်နဲ့ ဘန်လေတို့ကြား သဘောတူညီမှု ရရှိဖို့သာ ကျန်ရှိနေပါ​​တော့တယ်။

Photo Credit : talkSPORT

လက်ရှိမှာ Sky Sports Germany ရဲ့ သတင်းထောက် ဖလော်ရီယန် ပလက်တန်ဘာ့ချ် ဖော်ပြထားတဲ့ သတင်းများအရ ကွန်ပနီနဲ့ ပတ်သက်ပြီး ဘိုင်ယန်နဲ့ ဘန်လေတို့အသင်းနှစ်သင်းကြား ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေရာမှာ သဘောတူညီချက် တစ်စုံတစ်ရာ ရရှိခဲ့ခြင်း မရှိသေးတာကြောင့် နောက်ရက်တွေမှာ ဆက်လက် ဆွေးနွေးသွားရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ဘန်လေက သူတို့နည်းပြ ကွန်ပနီကို အသင်းကနေ အလွယ်တကူ လက်လွတ်မခံချင်တာကြောင့် ကွန်ပနီနဲ့ ပတ်သက်ပြီး တန်ကြေးတချို့ တောင်းဆိုလာခဲ့တဲ့အတွက် အဲ့ဒီကိစ္စရပ်ကို ဘိုင်ယန်နဲ့ ဘန်လေတို့ကြား ဆက်လက် ညှိနှိုင်းနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကွန်ပနီကတော့ သူရဲ့နည်းပြဘဝအတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခု ရောက်ရှိနေတုန်းမှာ လုံးဝ လက်ခံသွားချင်နေတာကြောင့် ဘန်လေအသင်းကိုလည်း တွန်းအားပေးသွားဖွယ် ရှိနေပါတယ်။