ဘိုင်ယန်မြူးနစ်အသင်းကတော့ ဒီနှစ် ဘောလုံးရာသီအတွင်း အင်္ဂလန် ကစားသမားတွေကို ဦးစားပေး ခေါ်ယူလျက် ရှိနေပြီး နွေဈေးကွက်တုန်းက တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူခဲ့သလို အခု ဆောင်းဈေးကွက်မှာလည်း နောက်ခံလူ အဲရစ် ဒိုင်ယာကို ခေါ်ယူခဲ့ပါသေးတယ်။

လက်ရှိမှာလည်း ဘိုင်ယန်က ညာနောက်ခံနေရာအတွက် ကစားသမားသစ်တစ်ဦးကို ဆက်လက် ဖြည့်တင်းသွားချင်နေပြီး အဲ့ဒီအတွက်ကိုလည်း နယူးကာဆယ်ရဲ့ အင်္ဂလန် ညာနောက်ခံလူ ကီရန် ထရစ်ပီယာကို စိတ်ဝင်စားလို့နေပါတယ်။

Photo Credit : Fabrizio Romano

ဘိုင်ယန် စိတ်ဝင်စားနေတဲ့ ထရစ်ပီယာက လက်ရှိမှာ အသက် (၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ နယူးကာဆယ် အသင်းခေါင်းဆောင်ဖြစ်ပြီး နယူးကာဆယ်ကို ဆော်ဒီက ပိုင်ရှင်သစ်တွေ စတင် ပိုင်ဆိုင်ချိန်မှာပဲ အသင်းဆီ ပထမဆုံး ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

တစ်ခု တိုက်ဆိုင်တာကတော့ ထရစ်ပီယာဟာ ဟယ်ရီကိန်း ဒိုင်ယာတို့လို အင်္ဂလန် ကစားသမား ဖြစ်နေရုံမကပဲ ကိန်း ဒိုင်ယာတို့နဲ့အတူ စပါးအသင်းမှာ တွဲဖက် ကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်းတွေလည်း ဖြစ်ခဲ့ပါသေးတယ်။

Photo Credit : Footbalium

တကယ်တော့ ဘိုင်ယန်ဘက် ခံစစ်ညာခြမ်းအတွက် ပီအက်စ်ဂျီအသင်းရဲ့ ညာနောက်ခံလူ မူခေလေကိုသာ ဦးစားပေး ပစ်မှတ်ထားနေတာ ဖြစ်ပေမယ့် တခြားသော right-back options တွေကိုလည်း အသင်းရဲ့ ပစ်မှတ်စာရင်းထဲမှာပါ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

တကယ်လို့ မူခေလေအတွက် ဆွေးနွေးမှုတွေက တိုးတက်လာခြင်း မရှိဘူးဆိုရင်တော့ ဘိုင်ယန်က ထရစ်ပီယာကိုသာ ပြောင်းလဲ ပစ်မှတ်သွားမှာဖြစ်ပြီး နယူးကာဆယ်ကလည်း သူတို့ရဲ့ ဘဏ္ဍာရေး အရှုံးပြမှုကနေ ဒီဈေးကွက်ထဲမှာ ငွေရှာဖို့ လိုအပ်နိုင်တာကြောင့် ထရစ်ပီယာကို ရောင်းချသွားနိုင်ပါတယ်။