ဘိုင်ယန်မြူးနစ်အသင်းက လာမယ့် ဘောလုံးရာသီရဲ့အတွက် ဆာဒီယို မာနေးကို အသင်းမှာ ဆက်လက် အသုံးပြုဖို့ အစီအစဉ် မရှိနေတော့ကြောင်း အသိပေးခဲ့တယ်လို့ Kicker သတင်းစာရဲ့ ဂျာနယ်လစ်တစ်ဦးက ဖော်ပြသွားခဲ့ပါတယ်။

ရောဘတ် လီဝန်ဒေါစကီး ဘာစီလိုနာအသင်းဆီ ရောင်းချခဲ့ပြီးနောက် မာနေးကို အစားထိုး ပြန်လည် ခေါ်ယူခဲ့တဲ့ ဘိုင်ယန်ဟာ တိုက်စစ်မှာ ချူပိုမိုတင်းကိုလည်း စာချုပ်သက်တမ်းတိုးပြီး အဲ့ဒီတိုက်စစ်နဲ့ ပြီးခဲ့တဲ့ ရာသီကို ဖြတ်သန်းခဲ့ပါတယ်။ လီဗာပူးလ် နဲ့ ဆီနီဂေါတို့မှာ အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြသနိုင်ခဲ့တဲ့ မာနေးဟာ ဘိုင်ယန်မှာတော့ ရုန်းကန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို အသင်းဖော် ဆာနေးကို လက်သီးနဲ့ ထိုးကြိတ်မိခဲ့တာကလည်း ဘိုင်ယန် တာဝန်ရှိသူတွေအပေါ် စိတ်ပျက်စရာ ဖြစ်စေခဲ့ရပါတယ်။

Photo Credit : Bavarian Football Works

လက်ရှိမှာတော့ မာနေးက အားလပ်ရက် အနားယူရှိနေလျက် ရှိပြီး အားလပ်ရက်က ပြန်လာချိန်မှာ ဘိုင်ယန်နဲ့ ပြန်လည် ပူးပေါင်းဖို့ ပြင်ဆင်ထားခဲ့ပေမယ့်လည်း ဘိုင်ယန်ကတော့ မာနေးကို ယူရို သန်း (၂၀)လောက်နဲ့ပင် အသင်းကနေ ပြန်လည် ရောင်းထုတ်ချင်နေပါတယ်။ ဒီလို အခြေအနေနဲ့ ကြုံတွေ့နေရတဲ့ မာနေးကို ဆော်ဒီကလပ်တွေက စိတ်ဝင်စားနေသလို ဂျရတ်ကလည်း သူ ကိုင်တွယ်နေတဲ့ ဆော်ဒီကလပ် အယ်လ်အတ်တီဖက်အသင်းဆီပါ ခေါ်ဆောင်ချင်နေပါတယ်။

Photo Credit : Twitter

ဒါပေမယ့်လည်း မာနေးကတော့ ဆော်ဒီပရိုလိဂ်ဆီ သွားရောက် ကစားဖို့ စိတ်ဝင်စားခြင်း မရှိပဲ ဘိုင်ယန်မှာသာ ဆက်လက် ကစားသွားချင်နေပေမယ့်လည်း ဘိုင်ယန်ကတော့ တိုက်စစ်ပိုင်းအတွက် ဟာရီကိန်း ဗလာဟိုဗစ်တို့ကို ခေါ်ယူဖို့ စီစဉ်ထားပြီး မာနေးကိုလည်း သူရဲ့လစာ ပမာဏကြောင့် အသင်းကနေ ရှင်းထုတ်သွားချင်နေတာ ဖြစ်ပါတယ်။