ဘိုင်ယန်မြူးနစ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး အငှားချထားတဲ့ ဘက်တစ်အသင်းမှာတော့ ခြေစွမ်းပြနေတဲ့ တောင်ပံကစားသမား အန်တိုနီကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ စပိန် အခြေစိုက် Fichajes သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။
ဘရာဇီး တောင်ပံကစားသမား အန်တိုနီဟာ ယူနိုက်တက်ကနေ ရီးယဲလ် ဘက်တစ်အသင်းဆီ ရာသီဝက်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်းမှာ သူ့ရဲ့ ဂုဏ်သတင်းကို ပြန်လည် တည်ဆောက်နေပါတယ်။ အခုဆိုရင် အန်တိုနီက ဘက်တစ်အတွက် ပြိုင်ပွဲစုံ (၁၁)ပွဲ ပါဝင်ကစားရာမှာ (၄)ဂိုးသွင်း (၄)ဂိုးဖန်တီးထားနိုင်ပါတယ်။
Photo Credit : Transfermarket
အသက်(၂၅)နှစ်အရွယ် ကစားသမားဟာ ၂၀၂၂ခုနှစ် နွေကမှ အေဂျက်စ်ကနေ သူ့ဆရာသမား အဲရစ် တန်ဟက်ဂ်နဲ့အတူ ယူနိုက်တက်အသင်းဆီ ယူရို(၉၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ပထမဆုံးရာသီမှာ (၁၀)ဂိုးသွင်း (၅)ဂိုးဖန်တီးနိုင်ခဲ့ပေမယ့် ဒုတိယရာသီမှာတော့ (၃)ဂိုးသွင်း (၂)ဂိုးသာ ဖန်တီးနိုင်ခဲ့သလို အခုရာသီမှာလည်း အသင်းအတွက် (၁)ဂိုးတည်းသာ သွင်းနိုင်ခဲ့ပါတယ်။
လက်ရှိ ဘက်တစ်မှာ အတော်လေး တောက်ပနေတဲ့ အန်တိုနီဟာ ဘက်တစ်နဲ့ အငှားစာချုပ်ပြည့်ချိန်မှာ ယူနိုက်တက်အသင်းဆီ ပြန်သွားဖို့ ရှိနေပေမယ့် ယူနိုက်တက်ကတော့ အန်တိုနီကို အသင်းကနေ အပြီးသတ် ရောင်းချလိုက်ဖို့သာ ဆန္ဒရှိနေပြီး ဘက်တစ်အသင်းကလည်း အန်တိုနီကို အပြီးသတ် ဒါမှမဟုတ် နောက်ထပ် တစ်ရာသီ အငှားလောက်နဲ့ ခေါ်ယူချင်နေပါတယ်။
Photo Credit : Goal
ဒီလို အခြေအနေမှာ ဘိုင်ယန်မြူးနစ်အသင်းကပါ အန်တိုနီကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး အသင်းကနေ ပြင်သစ် တောင်ပံကစားသမား ကင်စလေ ကိုးမန်းကို ရောင်းချသွားဖို့ ရှိနေသလို လီရွိုင်း ဆာနေးရဲ့ စာချုပ်သက်တမ်းဟာလည်း ကုန်ဆုံးတော့မှာဖြစ်လို့ ဒီကစားသမားတွေ နေရာအတွက် အန်တိုနီကို အလိုရှိလာခဲ့ပါတယ်။
ယူနိုက်တက်ကတော့ အသင်းကနေ အငှားချထားတဲ့ တောင်ပံတိုက်စစ်ကစားသမားတွေဖြစ်တဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ် ၊ ဂျေဒန် ဆန်ချိုနဲ့ အန်တိုနီတို့ (၃)ဦးလုံးကို လာမယ့်နွေဈေးကွက်မှာ အပြီးသတ် ရောင်းထုတ်သွားချင်နေပြီး ဒီကစားသမားတွေ ရောင်းချလို့ရမယ့် ပြောင်းရွှေ့ကြေးတွေနဲ့ ကစားသမားသစ်တွေကို ထပ်မံ အားဖြည့်သွားဖို့ ရှိနေပါတယ်။