ဘိုင်ယန်မြူးနစ်အသင်းကတော့ လီဗာပူးလ်အသင်းနဲ့ ညာနောက်ခံကစားသမား ထရန့် အလက်ဆန်းဒါး အာနိုးတို့ရဲ့ စာချုပ်အခြေအနေတွေကို စောင့်ကြည့်လျက် ရှိနေပြီး တကယ်လို့ ဂျိုရှုအာ ကင်မစ်ချ်သာ အသင်းကနေ ထွက်ခွာသွားမယ်ဆိုရင် အာနိုးကို ကမ်းလှမ်းမှု ပြုလုပ်သွားဖွယ် ရှိလာနိုင်တယ်လို့ သိရပါတယ်။

လီဗာပူးလ် အကယ်ဒမီထွက် အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ အာနိုးဟာ လက်ရှိမှာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ဆီ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး အသင်းဘက်က အာနိုးလို ကစားသမားမျိုးကို အလွတ်နဲ့ လက်မလွတ်ရဖို့အတွက် စာချုပ်သက်တမ်း တိုးနိုင်ဖို့ ဆောင်ရွှက်လျက် ရှိနေပါတယ်။

Photo Credit : Goal

ဒါပေမယ့် လက်ရှိအချ်ိန်ထိတော့ အာနိုးက လီဗာပူးလ်နဲ့ စာချုပ်သစ် ချုပ်ဆိုသွားဖို့ထက် အသင်းကနေ ထွက်ခွာသွားဖို့သာ အခြေအနေ များလို့နေပြီး သူ့ကိုလည်း ရီးယဲလ် မက်ဒရစ်အသင်းက အတော်လေး စိတ်ဝင်စားလျက် ရှိနေသလို အာနိုးကို သူတို့အသင်းရဲ့ အဓိက ဦးစားပေး ပစ်မှတ်အဖြစ်နဲ့ပါ သတ်မှတ်လို့ထားနေပါတယ်။

ဒီအချိန်မှာ ဘိုင်ယန်ကလည်း သူတို့အသင်းက အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်နဲ့ ညာနောက်ခံကစားသမား ကင်မစ်ချ်က အသင်းနဲ့ သက်တမ်းတိုးခြင်း မပြုဘဲ အသင်းကနေ ထွက်ခွာသွားမယ်ဆိုရင် သူ့နေရာမှာ ပြန်အစားထိုးဖို့အတွက် အာနိုးကို စတင် ပစ်မှတ်ထားလာမှာပဲ ဖြစ်ပါတယ်။

Photo Credit : FCBinside

ဘိုင်ယန်ဟာ အာနိုးရဲ့ အင်္ဂလန် လက်ရွေးစင် အသင်းဖော် တိုက်စစ်မှူး ဟယ်ရီကိန်းကိုလည်း စပါးအသင်းကနေ ခေါ်ယူထားသလို နောက်ထပ် အင်္ဂလန် ကစားသမားတစ်ဦးဖြစ်တဲ့ အဲရစ် ဒိုင်ယာလည်း ရှိနေတာကြောင့် အာနိုးအတွက် ရွေးချယ်စရာ option တစ်ခု ဖြစ်လာနိုင်ပေမယ့် ကစားသမားကတော့ ဘိုင်ယန်ထက် ရီးယဲလ်ကိုသာ ပိုမို ရွေးချယ်နိုင်ပါတယ်။

ရီးယဲလ်က လက်ရှိမှာ ဒဏ်ရာလည်း ရနေပြီး အသက်အားဖြင့် (၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကာဗာဟယ်ရဲ့နေရာအတွက် အာနိုးနဲ့ ရေရှည် အစားထိုးသွားချင်နေတာ ဖြစ်သလို တကယ်လို့ အာနိုးသာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း မတိုးခဲ့ရင် လုပ်ခလစာများစွာ လက်မှတ်ထိုးကြေးများစွာတို့ ပေးချေပြီး အာနိုးကို ခေါ်ယူသွားဖို့ ရှိနေပါတယ်။