ဘိုင်ယန်မြူးနစ်အသင်းကတော့ ဒီဘောလုံးရာသီရဲ့ အပြောင်းအရွှေ့ ဈေးကွက်နှစ်ခုလုံးမှာ တော့တင်ဟမ် ဟော့စပါး ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း နဲ့ နောက်ခံလူ အဲရစ် ဒိုင်ယာတို့ကို ခေါ်ယူခဲ့သလို အခုလည်း စပါး ကစားသမားဟောင်းဖြစ်သူ စတီဗင် ဘာ့ဂျ်ဝင်းကိုပါ ချိန်ရွယ်လာခဲ့ပြန်ပါတယ်။

အသင်းမှာ အားထားရတဲ့ ပြင်သစ် တောင်ပံကစားသမား ကင်စလေ ကိုးမန်း ဆိုးဆိုးရွှားရွှား ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် သူ့နေရာမှာ ယာယီ အစားထိုးဖို့အတွက် တောင်ပံကစားသမားတစ်ဦး ရှာဖွေနေရာ လက်ရှိမှာတော့ အေဂျက်စ် winger ဘာ့ဂျ်ဝင်းကို မျက်စိကျလို့နေပါတယ်။

Photo Credit : Sky Sports

အသက် (၂၆)နှစ်အရွယ် နယ်သာလန် ဘယ်တောင်ပံကစားသမား ဘာ့ဂျ်ဝင်းဟာ အေဂျက်စ် လူငယ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး စပါးအသင်းမှာလည်း (၂)နှစ်နီးပါးခန့်လောက်အထိ ပါဝင်ကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

စပါးမှာ ခြေစွမ်းပြသဖို့ ရုန်းကန်ခဲ့ရတဲ့ ဘာ့ဂျ်ဝင်းက အေဂျက်စ်နဲ့အတူ နယ်သာလန်မြေဆီ ပြန်ရောက်ချိန်မှာတော့ စွမ်းဆောင်ရည်ကောင်းတွေ ပြန်လည် ပြသနိုင်ပြီး ဒီရာသီမှာလည်း အေဂျက်စ်အသင်းအတွက် (၈)ဂိုးသွင်း (၅)ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : FCUpdate

ဒီလို ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဘာ့ဂျ်ဝင်းကို ဝက်စ်ဟမ်းအသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်ဖို့ ကြိုးပမ်းခဲ့သလို အခု ဘိုင်ယန်ကပါ ထပ်တိုး စိတ်ဝင်စားလာခဲ့လို့ ဘာ့ဂျ်ဝင်းရဲ့ အနာဂတ် အခြေအနေက စောင့်ကြည့်ချင်စရာ ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် ဘိုင်ယန်က ဘာ့ဂျ်ဝင်းကို စိတ်ဝင်စားနေဆဲသာဖြစ်ပြီး ချဉ်းကပ်မှု တစ်စုံတစ်ရာတော့ မရှိသေးကြောင်း နယ်သာလန်က ESPN သတင်းမီဒီယာကနေ ဖော်ပြထားခဲ့သလို ဘိုင်ယန်အနေနဲ့ကလည်း ဒီနောက်ပိုင်း အေဂျက်စ်ကနေ ခေါ်ယူခဲ့တဲ့ ဘလင်း မာဇာရာအူယီ ဂရာဗန်ဘာ့ချ်တို့က အသင်းမှာ flop သွားခဲ့လို့ အေဂျက်စ်ကစားသမားတွေ ထပ်မံ ခေါ်ယူဖို့ဆိုတာ စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။