ဘိုင်ယန်မြူးနစ်အသင်းကတော့ တော့တင်ဟမ် ဟော့စပါးအသင်းဆီ ရောက်ရှိသွားတော့မယ့် ဂျီနိုအာ ခံစစ်ကစားသမားလေး ရာဒူ ဒရာဂူဆင်ကို စပါးလက်ထဲကနေ ရအောင် ကြားဖြတ် ခေါ်ယူသွားဖို့ အသည်းအသန် ပြင်ဆင်လျက် ရှိနေပါတယ်။

စပါးအသင်းက အသင်းရဲ့ ခံစစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့အတွက် ဂျုဗင်တပ်စ် ကစားသမားဟောင်း ရိုမေးနီးယား ခံစစ်မှူး ဒရာဂူဆင်ကို ခေါ်ယူဖို့ အသေအချာ စီစဉ်လျက် ရှိနေပြီး ကစားသမားနဲ့လည်း သဘောတူညီကို စောစောစီးစီး ရယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Fabrizio Romano

ဒါပေမယ့် ဒရာဂူဆင် အပြောင်းအရွှေ့အတွက် အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးပိုင်းဆိုင်ရာ သဘောတူညီမှု မရသေးလို့ ဆွေးနွေးနေဆဲ ဖြစ်နေတဲ့အချိန် ဘိုင်ယန်မြူးနစ်အသင်းပါ ဒရာဂူဆင် အပြောင်းအရွှေ့မှာ ကြားဝင် ပါဝင်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း စပါးအသင်းရဲ့ ယူရို (၂၅)သန်း + အပိုဆုကြေး + ဂျက်စပန့် အငှားချ ကမ်းလှမ်းမှုကို ဂျီနိုအာဘက်က လက်ခံသွားခဲ့ပြီး အလုံးစုံ သဘောတူညီမှု ဖြစ်ပေါ်လာခဲ့ပေမယ့်လည်း ဒီလို အခြေအနေမှာပင် ဘိုင်ယန်က ဒရာဂူဆင်ကို ကြားဖြတ် ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းနေဆဲ ရှိနေပါတယ်။

Photo Credit : talkSPORT

ဘိုင်ယန်က ဒရာဂူဆင်အတွက် လစာပေးချေမှုကို စပါးအသင်းထက် ပိုမိုတဲ့ ပေးချေမှုနဲ့ ကမ်းလှမ်းထားတဲ့အပြင် စိတ်ဝင်စားစရာကောင်းတဲ့ ကလပ်အသင်းရဲ့ အနာဂတ် ပရောဂျက်တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း ရှင်းလင်းထားခဲ့ပါသေးတယ်။

လက်ရှိ အနေအထားအရတော့ ဘိုင်ယန်ဘက်က ဒရာဂူဆင်အတွက် ဂျီနိုအာအသင်းထံ ငွေသားသက်သက် ကမ်းလှမ်းမှု ပြုလုပ်ထားပြီး ဒါကိုလည်း ဂျီနိုအာက လက်ခံထားသေးတာမို့ အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ကတော့ ကစားသမားအပေါ်မှာသာ မူတည်နေပါတော့တယ်။