မကြာခင်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့သွားတော့မယ့် နောက်ခံကစားသမား ဒီလစ်ကို ယူနိုက်တက်ဆီ ရောင်းချခြင်း မပြုလုပ်ပဲ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းသွားဖို့ ဘိုင်ယန်မြူးနစ် ပရိသတ်ပေါင်း အယောက် (၆၀၀၀၀)က တောင်းဆိုခဲ့တယ်လို့ Sky Germany ကနေ ဖော်ပြလာခဲ့ပါတယ်။

ဘိုင်ယန်ဟာ လက်ရှိမှာ စတုဂတ်အသင်းရဲ့ ဂျပန်ခံစစ်ကစားသမား ဟီရိုကီ အီတိုကို ခေါ်ယူဖြည့်တင်းထားခဲ့သလို လေဗာကူဆင်က ဂျာမနီ ခံစစ်မှူး ဂျိုနသန် တက်ပ်ကို ဆက်လက် ခေါ်ယူသွားဖို့လည်း ကြိုးပမ်းလျက် ရှိနေပြီး အသင်းရဲ့ နောက်ခံလူ ဒီလစ်ကိုပါ အသင်းကနေ ရောင်းချသွားဖို့ စီစဉ်နေပါတယ်။

Photo Credit : Bavarian Football Works

တကယ်လို့ ဂျိုနသန် တက်ပ်ပါ အသင်းဆီ ရောက်လာမယ်ဆိုရင် အသင်းရဲ့ ဗဟိုခံစစ်တန်းမှာ ကင်မင်ဂျေး အူပါမယ်ကာနို ဒီလစ် ဒိုင်ယာ အီတိုနဲ့ တက်ပ်တို့ (၆)ဦးအထိတောင် ရှိနေတော့မှာဖြစ်လို့ အနည်းဆုံး ဗဟိုခံစစ်ကစားသမား တစ်ဦးခန့်လောက်အထိ ပြန်လည် ရောင်းထုတ်သွားဖို့ လိုအပ်လာခဲ့ပြီး လက်ရှိမှာတော့ ဒီလစ်ကို ရောင်းချသွားဖွယ် ရှိနေပါတယ်။

ဒီလို အသင်းကနေ ရောင်းချခံရတော့မယ့် ဒီလစ်ဟာလည်း သူ့ဆရာဟောင်း အဲရစ် တန်ဟက်ဂ်ရှိတဲ့ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့သွားဖို့အတွက် သဘောတူညီထားခဲ့ပြီဖြစ်ပြီး အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးဆိုင်ရာ သဘောတူညီနိုင်မယ်ဆိုရင် အပြောင်းအရွှေ့က ဖြစ်ပေါ်လာပြီပဲ ဖြစ်ပါတယ်။

Photo Credit : Transfermarket

ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပရိသတ်တချို့ကတော့ အသင်းမှာ (၂)ရာသီသာ ကျင်လည်ထားရတဲ့သေးတဲ့ နယ်သာလန် ခံစစ်ကစားသမား ဒီလစ်ကို အသင်းကနေ ရောင်းထုတ်ခြင်း မပြုလုပ်ပဲ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းထားဖို့ အသနားခံစာတစ်ရပ်ကို လက်မှတ်ရေးထိုး တောင်းဆိုသွားခဲ့ပါတယ်။

အသက် (၂၄)နှစ်အရွယ် နယ်သာလန် လက်ရွေးစင် နောက်ခံလူ ဒီလစ်ဟာ ၂၀၂၂ခုနှစ်ကမှ ဂျုဗင်တပ်စ်ကနေ ဘိုင်ယန်အသင်းဆီ အပိုဆုကြေးများ အပါအဝင် ယူရို (၇၇)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး (၂)ရာသီအတွင်းမှာ ဒီလစ်က ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၇၃)ပွဲအထိ ပါဝင်ကစားခဲ့ရင်း (၅)ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။