ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ့် နည်းပြချုပ် သောမတ်စ် တူဟယ်လ်ရဲ့ နေရာအတွက် နည်းပြဟောင်း နစ်ဂယ်စမန်းကို အသင်းဆီ ပြန်ခေါ်ဖို့ ဆက်သွယ်မှုတွေ လုပ်နေကြောင်း ဂျာမန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဘိုင်ယန်မြူးနစ်က ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ခါနီးမှာမှ ကာလရှည်စာချုပ်နဲ့ ခေါ်ယူထားတဲ့ နစ်ဂယ်စမန်းကို ရာထူးကနေ ဖယ်ရှားကာ ဒေါ့မွန်နဲ့ ချယ်လ်ဆီးနည်းပြဟောင်း သောမတ်စ် တူဟယ်လ်ကို နည်းပြသစ် အဖြစ် ခေါ်ယူ ခန့်အပ်ခဲ့တာပါ။

Photo Credit: Forbes

ဘိုင်ယန်မြူးနစ်က တူဟယ်လ်ကို လိုချင်တာကြောင့် ကာလရှည်စာချုပ် ချုပ်ဆိုထားတဲ့ နစ်ဂယ်စမန်းကို နစ်နာကြေး ပေးကာ အသင်းရဲ့ နည်းပြချုပ်ရာထူး ကနေ ဖယ်ရှားခဲ့တာ ဖြစ်ပေမယ့် တူဟယ်လ်ရဲ့ လက်အောက်မှာ ဘိုင်ယန်မြူးနစ်ရဲ့ ရလဒ်ပိုင်းက အတော်လေး ဆိုးဝါးနေပြီး ဒီရာသီမှာ ဆယ်စုနှစ် တစုကျော် ဆက်တိုက် ရရှိခဲ့တဲ့ ဘွန်ဒက်လီဂါ ချန်ပီယံဆုဖလားကို လက်လွှတ်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက သောမတ်စ် တူဟယ်လ်နဲ့ ရာသီကုန်ချိန်မှာ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့သလို တူဟယ်လ်ရဲ့ နေရာကို အစားဝင်မယ့် နည်းပြသစ် တဦးကို လိုက်လံ ရှာဖွေနေပြီး ဘိုင်ယန်မြူးနစ်က လေဗာကူဆင်နည်းပြ အလွန်ဆိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ချဉ်းကပ်မှုတွေ လုပ်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။

Photo Credit: Goal

နာမည်ကြီး ဂျာမဏီ သတင်းထောက် ခရစ်ရှန် ဖော့ခ်ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က အလွန်ဆိုကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် အသင်းနဲ့ စာချုပ်သက်တမ်း ကျန်သေးတဲ့ နည်းပြဟောင်း နစ်ဂယ်စမန်းကို အသင်းဆီ ပြန်ခေါ်ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။

ဘိုင်ယန်မြူးနစ်က နစ်ဂယ်စမန်းကို ရာထူးကနေ ဖယ်ရှားခဲ့ပေမယ့် စာချုပ်ကို ဖျက်သိမ်းခဲ့တာ မဟုတ်တာကြောင့် နစ်ဂယ်စမန်းဟာ ဘိုင်ယန်မြူးနစ်ရဲ့ ဝန်ထမ်း အဖြစ် ရှိနေဆဲ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်နဲ့ နစ်ဂယ်စမန်းတို့ရဲ့ စာချုပ်က ၂၀၂၆ခုနှစ် ရောက်မှ သက်တမ်း ကုန်ဆုံးဖို့ ရှိနေတာကြောင့် နစ်ဂယ်စမန်းကသာ ဆန္ဒရှိမယ် ဆိုရင် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြအဖြစ် ပြန်လုပ်လို့ ရနေပါတယ်။