ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူ တဦး ဖြစ်တဲ့ ဆလီဟာမီဒီဇစ် ကတော့ သူတို့အသင်းဟာ အေဂျက်လူငယ်ကြယ်ပွင့် ဂရာဗန်ဘက်ကို ခေါ်ယူနိုင်ခဲ့ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စပိန်လာလီဂါ နာမည်ကြီးကလပ် ဗီလာရီးရဲလ်ကို မထင်မှတ်ပဲ အရေးနိမ့်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ စောစောစီးစီး ထွက်ခွာခဲ့ရတာကြောင့် ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းကို အတတ်နိုင်ဆုံး လူအင်အား ဖြည့်တင်းဖို့ ကြိုးစားခဲ့ပြီး နယ်သာလန် လူငယ်ကြယ်ပွင့် ဂရာဗန်ဘက်ဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ်တွေထဲက တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ဘိုင်ယန်မြူးနစ်က အေဂျက်နဲ့ နယ်သာလန် လူငယ်ကြယ်ပွင့် ဂရာဗန်ဘက်ကို ခေါ်ယူနိုင်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့မှ စတင်ကာ ကြိုးပမ်းခဲ့ကာ ယခုအချိန်မှာတော့ ဂရာဗန်ဘက်ကို ဆေးစစ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ဖြစ်သလို မကြာခင်မှာပဲ ဂရာဗန်ဘက်ကို ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန် ကြေညာဖို့ စီစဉ်နေပါတယ်။

ဘိုင်ယန်မြူးနစ်က အသက် ၂၀ အရွယ် လူငယ် ကွင်းလယ်လူ ဂရာဗန်ဘက် အတွက် ယူရို ၃၅သန်း ဝန်းကျင် သုံးစွဲခဲ့ရပြီး ဂရာဗန်ဘက်ကိုတော့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။

Photo Credit: Marca

ဂရာဗန်ဘက်ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့တဲ့ အကြောင်းကို ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူ တဦး ဖြစ်တဲ့ ဆလီဟာမီဒီဇစ်က အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။ ဆလီဟာမီဒီဇစ်က – “ဂရာဗန်ဘက်က ကျွန်တော်တို့နဲ့ စာချုပ် ချုပ်ဆိုပြီးပါပြီ။ ကျွန်တော်တို့က သူ့ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ခဲ့သလို အခုလိုမျိုး သူ့ကို အသင်းဆီ ခေါ်ယူနိုင်ခဲ့လို့လည်း အရမ်းကို ပျော်ရွှင်မိပါတယ်။ သူက ဥရောပတိုက်ရဲ့ အလားအလာ အကောင်းဆုံး လူငယ် ကစားသမားတွေထဲက တဦးပါ။ အသင်းတိုင်းက သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြပြီး ကျွန်တော်တို့က သူ့ကို အမိအရ ခေါ်ယူနိုင်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

ဘိုင်ယန်မြူးနစ်က ဂရာဗန်ဘက်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် လီဗာပူး တိုက်စစ်မှူး ဆာဒီယို မာနေးကို ခေါ်ယူဖို့ ညှိနှိုင်းမှုတွေ ဆက်လက် ပြုလုပ်နေပါတယ်။