ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့တော့မယ်လို့ သတင်းကြီးနေတဲ့ နာပိုလီ ဗဟိုခံစစ်မှူး ကင်မင်ဂျေးကို ကြားဖြတ် ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၆နှစ် အရွယ် တောင်ကိုရီးယား လက်ရွေးစင် ဗဟိုခံစစ်မှူး ကင်မင်ဂျေးက ယခုနှစ် ဘောလုံးရာသီ အစကမှ ဖီနာဘာချီ ကနေ နာပိုလီထံ ပြောင်းရွှေ့ကြေး ယူရို ၁၈သန်းထဲနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက နာပိုလီထံ စစရောက်ချင်းမှာပဲ အသင်းရဲ့ အဓိက ဗဟိုခံစစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူပါ။

Photo Credit: Goal

ကင်မင်ဂျေးက ယခုနှစ် ဘောလုံးရာသီမှာ ကူလီဘလီ မရှိတော့တဲ့ နာပိုလီရဲ့ ခံစစ်ကြောင်းကို အကောင်းဆုံး ဦးဆောင်ပေးခဲ့သလို အသင်းကို စီးရီးအေ ချန်ပီယံ ဖြစ်အောင် ကူညီပေးနိုင်ခဲ့ပြီး သူက စီးရီးအေပြိုင်ပွဲရဲ့ တနှစ်တာ အကောင်းဆုံး ခံစစ်ကစားသမားဆုကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က သူ့ကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးစားနေကြပေမယ့် ကင်မင်ဂျေးနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု မရသေးပဲ ဘိုင်ယန်မြူးနစ်ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အသင်းကနေ ထွက်ခွာချင်ကြောင်း အသိပေးလာတဲ့ ခံစစ်မှူး လူးကပ် ဟာနန်ဒက်ဇ်ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ကင်မင်ဂျေးကို ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။

Photo Credit: Napoli Outlet

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ကင်မင်ဂျေးရဲ့ အေးဂျင့်ထံ ဆက်သွယ်ကာ သူတို့အသင်းရဲ့ ပရောဂျက်တွေနဲ့ ကင်မင်ဂျေးကို ပေးချေမယ့် လုပ်ခလစာတွေကို ရှင်းလင်း ပြောပြခဲ့ပြီး ဘိုင်ယန်မြူးနစ်က ကင်မင်ဂျေးနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

ကင်မင်ဂျေးက နာပိုလီနဲ့ စာချုပ်သက်တမ်း ၄နှစ် ကျန်ရှိနေသေးသူ ဖြစ်ပေမယ့် သူနဲ့ နာပိုလီရဲ့ ကြားထဲမှာ ချုပ်ဆိုထားတဲ့ စာချုပ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို ၅၀သန်း ဝန်းကျင်သာ ရှိပြီး ဘိုင်ယန်မြူးနစ်က ကင်မင်ဂျေးရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေးချေဖို့ လိုလိုလားလား ရှိတာကြောင့် ကင်မင်ဂျေးနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ရင် ကင်မင်ဂျေးရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ရှိနေပါတယ်။