နည်းပြသစ် ရှာပုံတော်ဖွင့်နေတဲ့ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်အသင်းကတော့ လက်ရှိမှာဆိုရင် ဘန်လေအသင်းရဲ့ နည်းပြဖြစ်သူ ဗင်းဆင့် ကွန်ပနီကိုပါ စိတ်ဝင်စားလျက် ရှိနေပြီး ဆက်သွယ်မှုတွေလည်း လုပ်ဆောင်ထားတယ်လို့ ဖာဘရီဇီယို ရိုမာနိုက အတည်ပြုထားပါတယ်။

သောမတ်စ် တူဟယ်လ်နဲ့ လက်တွဲဖြုတ်ရတော့မယ့် ဘိုင်ယန်အသင်းဟာ အလွန်ဆို နာဂယ်စမန်း အမ်မရီ ရန်းနစ် ဇီဒန်း ဒီဇာဘီ အစရှိတဲ့ နည်းပြများစွာကို ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် တူဟယ်လ်ကိုပဲ အသင်းမှာ ဆက်နေဖို့ပါ နားချခဲ့ရမှာလည်း မအောင်မြင်ပဲ ဖြစ်ခဲ့ပါတယ်။

Photo Credit : SportSport

ဒါကြောင့် တခြားနည်းပြတွေဘက်ကို လှည့်လာခဲ့ချိန် ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားရပြီဖြစ်တဲ့ ဘန်လေနည်းပြ ကွန်ပနီနဲ့ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်တို့က ဘိုင်ယန်နဲ့ သတင်းတွေ အသီးသီး ထွက်ပေါ်လာခဲ့ရပါတယ်။ ဒါပေမယ့် ဘိုင်ယန်နဲ့ သတင်းတွေ အဆက်မပြတ် တောက်လျှောက် ထွက်နေတာက ကွန်ပနီသာ ဖြစ်လာခဲ့ပါတယ်။

မန်စီးတီး ကစားသမားဟောင်းကြီး ကွန်ပနီက ဘောလုံးသမားဘဝအတွင်း ဟမ်းဘတ်အသင်းနဲ့အတူ ဂျာမနီ ဘောလုံးရပ်ဝန်းမှာ ကျင်လည်ခဲ့ဖူးသူ ဖြစ်သလို ၂၀၁၉ခုနှစ်ကတည်းက အန်ဒါလက်ချ်အသင်းနဲ့ ဘောလုံးနည်းပြအလုပ်ကို စတင် လုပ်ကိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit : The Sun

ကွန်ပနီက ဘန်လေကို စတင် ကိုင်တွယ်ချိန်မှာလည်း ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတက်အောင် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဒီရာသီမှာတော့ တန်းပြန်းဆင်းသွားခဲ့ရပြီ ဖြစ်ပေမယ့်လည်း သူရဲ့ နည်းစနစ်ပိုင်းတွေကို နှစ်သက်တာကြောင့် ဘန်လေဘက်ကတော့ သူ့ကို နည်းပြရာထူးကနေ ထုတ်ပယ်ဖို့ အစီအစဉ် မရှိပဲ ဖြစ်နေပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ကွန်ပနီရဲ့ နည်းပြဘဝအတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ရပ် ရောက်ရှိလာချိန်မှာ ကွန်ပနီကိုယ်တိုင် ဘိုင်ယန်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးမှု ပြုလုပ်သွားဖို့ ဆန္ဒရှိနေပြီး ဒီတစ်ကြိမ်မှာရော ဘိုင်ယန်တို့ ထပ်မံ အငြင်းခံရဦးမလား ဒါမှမဟုတ် ကွန်ပနီနဲ့ပဲ အဆင်ပြေသွားမလားဆိုတာ ဆက်လက် စောင့်ကြည့်သွားရပါမယ်။