ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က လီဗာပူး တိုက်စစ်မှူး ဆာဒီယို မာနေးကို ခေါ်ယူဖို့ လီဗာပူးနဲ့ရော ၊ ကစားသမားနဲ့ပါ သဘောတူညီမှု ရရှိသွားခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေ အားလုံးက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

ဘိုင်ယန်မြူးနစ်က ဆီနီဂေါ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဆာဒီယို မာနေးကို ခေါ်ယူဖို့ ယခုလ အစထဲက ကြိုးပမ်းခဲ့တာ ဖြစ်ကာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဆာဒီယို မာနေးကို ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

ယနေ့မှာတော့ ဘိုင်ယန်မြူးနစ်ရဲ့ အားကစားဒါရိုက်တာ ဆလီဟာမီဒီဇစ်က အင်္ဂလန်နိုင်ငံဆီ လာရောက်ကာ မာနေးရဲ့ အပြောင်းအရွှေ့ အတွက် လီဗာပူးရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး မာနေးကို ပြောင်းရွှေ့ကြေး ပေါင် ၄၂.၅သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုကလည်း ဘိုင်ယန်မြူးနစ်က ဆာဒီယို မာနေးကို ခေါ်ယူဖို့ လီဗာပူးနဲ့ သဘောတူညီမှု ရရှိသွားကြောင်းနဲ့ မာနေးက ဘိုင်ယန်မြူးနစ်ထံ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ဖို့ ရှိနေကြောင်း ထပ်ဆင့် အတည်ပြုပေးထားပါတယ်။

Photo Credit: The Sun

ဆာဒီယို မာနေးက ဘိုင်ယန်မြူးနစ်မှာ တပတ် လုပ်ခလစာ ယူရို ၂သိန်း ဝန်းကျင် ရရှိဖို့ ရှိနေပြီး လာမယ့် ရက်ပိုင်းအတွင်းမှာပဲ မာနေးဟာ ဘိုင်ယန်မြူးနစ်ရဲ့ အခြေစိုက်မြို့ ဖြစ်တဲ့ မြူးနစ်မြို့ဆီ သွားရောက်ကာ ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ ရှိနေပါတယ်။

လက်ရှိအချိန်မှာတော့ ဆာဒီယို မာနေးက မွေးရပ်မြေ ဆီနီဂေါနိုင်ငံဆီ ရောက်ရှိနေကာ ရန်ပုံငွေ ရှာဖွေတဲ့ ဘောလုံးပွဲတွေမှာ ဝင်ရောက် ပါဝင် ကစားပေးရင်း လူမှုအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။