ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကတော့ သူတို့အသင်းကနေ ထွက်ခွာသွားတဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးရဲ့ နေရာအတွက် တိုက်ရိုက် အစားထိုးမှု အဖြစ် ရန်းနက်စ်ရဲ့ လူငယ်ကြယ်ပွင့် မာသီတဲလ်ကို ပြန်လည် ခေါ်ယူနိုင်တော့မယ်လို့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ဘိုင်ယန်မြူးနစ်က သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးကို စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာဆီ ပြောင်းရွှေ့ကြေး ယူရို ၅၅သန်းနဲ့ ရောင်းထုတ်ခဲ့ပြီးနောက် လီဝမ်ဒေါစကီးရဲ့ နေရာကို အစားဝင်နိုင်မယ့် အရည်အသွေးမြင့် လူငယ် တိုက်စစ်မှူးတွေကို လိုက်လံ ရှာဖွေခဲ့ရာ ရန်းနက်စ်နဲ့အတူ တောက်ပနေတဲ့ မာသီတဲလ်ဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်လာခဲ့ပါတယ်။

Photo Credit: Sports Buzzer

အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ ရန်းနက်စ် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး မာသီတဲလ်က လက်ရှိအချိန်မှာ ပြင်သစ်နိုင်ငံရဲ့ အတောက်ပဆုံး လူငယ်ကြယ်ပွင့် တဦး အဖြစ် သတ်မှတ်ခံထားရပြီး သူက ပြင်သစ် ယူ-၁၇အသင်း အတွက် ၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး အထိ သွင်းယူပေးနိုင်ခဲ့တဲ့ အရည်အသွေးမြင့် လူငယ် တိုက်စစ်မှူး တဦးပဲ ဖြစ်ပါတယ်။

မာသီတဲလ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရန်းနက်စ်အတွက် ပြိုင်ပွဲစုံမှာ ၁၀ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုးတွေ မသွင်းယူနိုင်ခဲ့ပဲ သူ့ရဲ့ အရည်အသွေးနဲ့ ကျွမ်းကျင်မှုတို့ကို ကောင်းကောင်းကြီး သက်သေပြနိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဘိုင်ယန်မြူးနစ်ရဲ့ ကင်းထောက်တွေက သူ့ကို လီဝမ်ဒေါစကီးရဲ့ နေရာကို ဆက်ခံနိုင်မယ့် ကစားသမား အဖြစ် သတ်မှတ်ခဲ့ပါတယ်။

 

Photo Credit: Sports Buzzer

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က မာသီတဲလ်ကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းခဲ့ပြီးနောက် ယနေ့မနက် အစောပိုင်းမှာပဲ မာသီတဲလ်ကို စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၂၈.၅သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ပလက်တန်ဘက်ခ်ကလည်း ဘိုင်ယန်မြူးနစ်ဟာ မာသီတဲလ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ကြောင်း ထပ်ဆင့် အတည်ပြုပေးခဲ့ပြီး မာသီတဲလ်က မကြာခင်မှာပဲ ဘိုင်ယန်မြူးနစ်နဲ့ ဆေးစစ်မှု ခံယူတော့မယ်လို့ ဆိုထားပါသေးတယ်။