အင်တာမီလန်အသင်း နောက်ခံကစားသမား အလက်ဆန်ဒရို ဘက်စတိုနီက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာအသင်းနဲ့ သူတို့ရဲ့ လူငယ်ကြယ်ပွင့် လာမင်း ယာမားလ်ကို ကျော်ဖြတ်နိုင်ဖို့အတွက် အင်တာအနေနဲ့ အကောင်းဆုံး ခြေစွမ်းပြသနိုင်ဖို့ လိုအပ်လိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီတစ်ပတ်အတွင်း ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့ကို အသီးသီး အနိုင်ယူခဲ့ပြီးနောက် အင်တာမီလန်နဲ့ ဘာစီလိုနာတို့ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ထိပ်တိုက်တွေ့ဆုံကြတော့မှာ ဖြစ်ပါတယ်။ အီတလီနဲ့ စပိန် ထိပ်တန်းလိဂ်တွေရဲ့ ဦးဆောင်သူနှစ်သင်း ထိပ်တိုက်တွေ့မယ့် ဒီပွဲစဉ်ဟာ အလွန်စိတ်ဝင်စားစရာကောင်းမှာ သေချာပေမယ့် ဘက်စတိုနီကတော့ ဘာစီလိုနာရဲ့ လူငယ်ကြယ်ပွင့်လေး လာမင်း ယာမားလ်ကို နှစ်ကျော့လုံးမှာ ထိန်းချုပ်ထားဖို့ သူ့အတွက် ခက်ခဲလိမ့်မယ်လို့ ဝန်ခံခဲ့ပါတယ်။

Photo Credit : Derek Katey Caesar’ Facebook

ဘက်စတိုနီဟာ ဥရောပရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူတွေထဲက တစ်ယောက်အဖြစ် ရပ်တည်လာနိုင်ခဲ့ပေမယ့် ယာမားလ်ကို ရင်ဆိုင်ဖို့ ဘယ်လို ပြင်ဆင်ရမလဲဆိုတာ တိတိကျကျ အကြံဉာဏ် မရှိသေးဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ အရင်က တစ်ကြိမ်သာ ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး အဲ့ဒါကတော့ ယူရို ၂၀၂၄ အုပ်စုအဆင့်မှာ ယာမားလ်ရဲ့ စပိန်အသင်းက အီတလီကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ဘက်စတိုနီက အဲ့ဒီပွဲဟာ သူ့အတွက် အဆင်မပြေခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။

La Gazzetta dello Sport နဲ့ အင်တာဗျူးမှာ ဘက်စတိုနီက “ကျွန်တော် ဘယ်လိုပြင်ဆင်ရမလဲ မသိပါဘူး၊ ဘာလို့လဲဆိုတော့ ယူရိုပြိုင်ပွဲက နောက်ဆုံးအကြိမ်မှာ သိပ်အဆင်မပြေခဲ့လို့ပါ။ ဘာစီလိုနာမှာ ရှင်းလင်းတဲ့ ကစားပုံ ပုံစံရှိပါတယ်။ သူတို့က နေရာလွတ်တွေ ပေးမိနိုင်ပေမယ့် ကျွန်တော်တို့ကတော့ သူတို့ကို အသင်းလိုက် ခုခံကာကွယ်ရပါလိမ့်မယ်။ ကျွန်တော်တို့ ထိပ်တန်း တောင်ပံကစားသမားတွေကို ရင်ဆိုင်ခဲ့ရပြီးပါပြီ။ ဥပမာ – ဘိုင်ယန်မြူးနစ်က အိုလီဆေးနဲ့ ဆာနေး တို့လိုပေါ့။ သူတို့ကို အခက်အခဲဖြစ်အောင် လုပ်ချင်တယ်ဆိုရင် ကျွန်တော်တို့ အာရုံစူးစိုက်မှု (၁၀၀)% နဲ့ ကြံ့ခိုင်မှု (၁၀၀)% ရှိဖို့ လိုအပ်ပါတယ်” လို့ ပြောဆိုလိုက်ပါတယ်။

Photo Credit : Reddit

အသင်းရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ဘက်စတိုနီက “ဖြစ်နိုင်ခြေအရတော့ ကျွန်တော်တို့ ပြိုင်ပွဲသုံးခုလုံးမှာ ဒုတိယနေရာနဲ့ အဆုံးသတ်သွားနိုင်ပါတယ်။ ဒါပေမယ့် ရာသီအစတုန်းက ကျွန်တော်တို့ ရည်မှန်းထားခဲ့တာက လိဂ်မှာ အမှတ်ပေးဇယားကို ဦးဆောင်ဖို့နဲ့ ကိုပါအီတာလီယာ ချန်ပီယံလိဂ် နှစ်ခုလုံးမှာ ဆီမီးဖိုင်နယ်တွေကို တက်လှမ်းနိုင်ဖို့ပါ။ ကျွန်တော်တို့ ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရပေမယ့် နှစ်အစမှာ ပြောခဲ့သလိုပဲ အရာအားလုံးကို ကြိုးစားရယူသွားချင်ပါတယ်” လို့ ဆိုခဲ့ပါတယ်။

ကြားရက်မှာ ဘိုင်ယန်မြူးနစ်ကို အနိုင်ယူခဲ့ပြီးနောက် ဘက်စတိုနီနဲ့ အင်တာမီလန်အသင်းဟာ ဒီအပတ်ကုန်မှာ ဘိုလော့ဂ်နာအသင်းဆီ ခက်ခဲတဲ့ အဝေးကွင်းခရီးစဉ် သွားရောက်ကစားရမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ မြို့ခံပြိုင်ဘက် အေစီမီလန်အသင်းနဲ့ ကိုပါအီတာလီယာ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ကစားရမှာ ဖြစ်ပြီး ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ထိပ်တိုက်တွေ့ဆုံမှုကတော့ ဧပြီလ (၃၀)ရက် ဗုဒ္ဓဟူးနေ့မှာ ကစားရပါမယ်။