ဘာစီလိုနာအသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်လောက်မှာပဲ အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ရာဖင်ဟာကို ရောင်းချသွားဖို့ ရှိနေပြီး ပြောင်းရွှေ့ကြေး ယူရို သန်း(၁၀၀)လောက်အထိ အလိုရှိနေတယ်လို့ စပိန်သတင်းစာ SPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၇)နှစ်အရွယ်ရှိ ဘရာဇီးလ် လက်ရွေးစင် ညာတောင်ပံကစားသမား ရာဖင်ဟာဟာ ၂၀၂၂ခုနှစ် နွေဈေးကွက်ကမှ လိဒ်စ်ယူနိုက်တက်ကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို (၅၈)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Managing Barca

ရာဖင်ဟာက သူရဲ့ ဘာစီလိုနာ ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ ပြိုင်ပွဲစုံ ပွဲပေါင်း (၅၀)အထိ ပါဝင်ကစားရင်း သွင်းဂိုး (၁၀)ဂိုး သွင်းယူပေးခဲ့သလို (၁၂)ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာဆိုရင်လည်း (၁၆)ပွဲကစား (၂)ဂိုးသွင်း (၆)ဂိုးဖန်တီးထားနိုင်ခဲ့ပေမယ့် ဘာစီလိုနာကတော့ ရာဖင်ဟာကို ရောင်းချဖို့ပါ စီစဉ်လာခဲ့ပါတယ်။

ရာဖင်ဟာက လိဒ်စ်ကနေ ဘာစီလိုနာအသင်းဆီ မရောက်ရှိခင် သူ့ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ် ချယ်လ်ဆီး မန်ယူနိုက်တက် နဲ့ တော့တင်ဟမ်စပါးတို့ အားလုံးက အပြိုင် စိတ်ဝင်စားခဲ့ကြတာဖြစ်ပြီး ကမ်းလှမ်းမှုတွေပါ လုပ်ဆောင်ခဲ့ပါသေးတယ်။

Photo Credit : Be Soccer

လက်ရှိမှာလည်း ယူနိုက်တက်အသင်းက ရာဖင်ဟာကို ဆက်လက် ပစ်မှတ်ထားနေဆဲဖြစ်ပြီး ဂျေဒန် ဆန်ချို နဲ့ ရာဖင်ဟာကိုပါ ကစားသမားချင်း အလဲအထပ် လုပ်ဆောင်သွားချင်နေပါတယ်။ ဒါပေမယ့် ဘာစီလိုနာဘက်ကတော့ swap deal တွေကို စိတ်မဝင်စားပဲ ငွေကြေးသီးသန့်နဲ့သာ ရောင်းချသွားချင်နေပါတယ်။

Sport သတင်းစာရဲ့ဖော်ပြချက်မှာတော့ ဘာစီလိုနာအသင်းဟာ ရာဖင်ဟာကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားဖို့ထက် ယူရို သန်း(၁၀၀)လောက်နဲ့ ရောင်းချသွားချင်နေပြီး လက်ရှိမှာတော့ ရာဖင်ဟာကို ယူနိုက်တက်အပြင် ဆော်ဒီ ကလပ်အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။