ဘာစီလိုနာအသင်းကတော့ လာမယ့်နွေမှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပြီဖြစ်တဲ့ ကွင်းလယ်ကစားသမား ဖရန်ကီ ဒီဂျောင်အတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံး ယူရို သန်း(၁၀၀)လောက်အထိ အလိုရှိနေတယ်လို့ သိရှိရပါတယ်။

အသက် (၂၆)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဒီဂျောင်က ၂၀၁၉ခုနှစ်မှာပဲ အေဂျက်စ်အသင်းကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဒီဂျောင်ဟာ ဘာစီလိုနာအတွက် ပဉ္စမမြောက် ဘောလုံးရာသီကိုပါ ဖြတ်သန်းနေပြီ ဖြစ်ပါတယ်။

Photo Credit : The Guardian

ဒီဂျောင်က ဘာစီလိုနာလို ကမ္ဘာ့ထိပ်သီး ကလပ်အသင်းကြီးမှာ ပါဝင်ကစားဖို့ အိမ်မက်ထားခဲ့သူဖြစ်လို့ သူ့ကို ကမ်းလှမ်းမှုတွေ ရှိလာခဲ့ပေမယ့် ဒီဂျောင်ကိုယ်တိုင်က ကမ်းလှမ်းမှုတိုင်းကို အားလုံးပယ်ချထားပြီး သူရဲ့ လက်ရှိကလပ် ဘာစီလိုနာနဲ့သာ ဆက်လက် လက်တွဲခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီနောက်ပိုင်းမှာတော့ ဒီဂျောင်က ဘာစီလိုနာအသင်းမှာ မပျော်ရွှင်တော့တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရသလို အသင်းနဲ့ (၅)ရာသီ ဖြတ်သန်းထားပြီးချိန်မှာတောင် ချန်ပီယံလိဂ် အောင်မြင်မှုတွေနဲ့ မနီးစပ်နိုင်သေးတာကိုလည်း စိတ်ပျက်လျက် ရှိနေပါတယ်။

Photo Credit : The Athletic

ဒါကြောင့်လည်း ဒီဂျောင်က လာမယ့်နွေမှာ အသင်းအပြောင်းအလဲ လုပ်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်ပြီဆိုတဲ့ သတင်းတွေ အတော်လေး ထွက်ပေါ်လာခဲ့သလို သူ့ကို ဥရောပ ကလပ်အသင်းများစွာက ကမ်းလှမ်းမှုတွေ အပြိုင်အဆိုင် လုပ်ဆောင်သွားဖို့ ဟန်ပြင်လာခဲ့ကြပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ကလည်း အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် အသင်းက ထိပ်သီး ကစားသမားတချို့ကို ရောင်းထုတ်ရဖို့ ရှိနေပြီး အခု ဒီဂျောင်ကလည်း အသင်းနဲ့ လမ်းခွဲချင်လာပြီဖြစ်လို့ ဒီဂျောင်အတွက် ယူရို သန်း(၁၀၀)နဲ့အထက် ကမ်းလှမ်းမှုတွေ ရှိလာခဲ့မယ်ဆိုရင် လက်ခံ စဉ်းစားပေးဖွယ်လည်း ရှိနေပါတယ်။