စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သူတို့အသင်းနဲ့ လမ်းခွဲတော့မယ့် နည်းပြချုပ် ဇာဗီရဲ့ နေရာအတွက် အာဆင်နယ်မှာ တောက်ပနေတဲ့ စပိန်နည်းပြ မီခေး အာတီတာကို ခေါ်ယူ ခန့်အပ်ချင်နေကြောင်း စပိန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၄၄နှစ် အရွယ် စပိန်နဲ့ ဘာစီလိုနာတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူဟောင်း ဇာဗီက ၂၀၂၁ခုနှစ် ၊ နိုဝင်ဘာလ ၆ရက်နေ့မှ စတင်ကာ ဘာစီလိုနာကို တာဝန်ယူ ကိုင်တွယ်နေသူ ဖြစ်ပြီး သူ့ရဲ့ ပထမဦးဆုံး ဘောလုံးရာသီမှာ ဆုဖလား အောင်မြင်မှု မရခဲ့ပေမယ့် သူက ဒုတိယမြောက်ရာသီ ဖြစ်တဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ ဘာစီလိုနာကို လာလီဂါချန်ပီယံနဲ့ စပိန်စူပါဖလားချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

ဇာဗီက ဘာစီလိုနာကို ၂နှစ်ကျော် ကိုင်တွယ်ခဲ့ရာ ဆုဖလား ၂လုံး အထိ ရယူနိုင်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာရဲ့ ရလဒ်တွေက ဆိုးရွားနေသလို ကစားပုံကလည်း မတိုးတက်လာတာကြောင့် ဇာဗီက သူ့ရဲ့ လက်အောက်မှာ ဘာစီလိုနာဟာ ဒီထက်ပိုပြီး မတိုးတက်လာနိုင်တော့ဘူးလို့ ယူဆကာ ရာသီကုန်မှာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။

ဇာဗီက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့တာကြောင့် ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက ဇာဗီရဲ့ နေရာကို အစားဝင်နိုင်မယ့် ထိပ်တန်းနည်းပြတွေကို အပူတပြင်း လိုက်လံ ရှာဖွေနေပြီး လတ်တလောမှာ ဘာစီလိုနာက ဂျာမဏီနည်းပြဟောင်း ဟန်ဆီ ဖလစ်ခ် ၊ ဘရိုက်တန်နည်းပြ ဒီဇာဘီ စတဲ့ နည်းပြတွေကို ခေါ်ယူချင်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Photo Credit: Talksports

နာမည်ကြီး စပိန်သတင်းဌာန တခု ဖြစ်တဲ့ Relevoရဲ့ ဖော်ပြချက်အရ ဘာစီလိုနာရဲ့ ဘုတ်အဖွဲ့ဝင်တွေက သူတို့ရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီမှာ ၄နှစ်ကျော်ကြာ ပညာရည်နို့ သောက်စို့ခဲ့ဖူးတဲ့ အာဆင်နယ်နည်းပြ မီခေး အာတီတာကို နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေပြီး ဘာစီလိုနာဟာ မီခေး အာတီတာရဲ့ အေးဂျင့်ထံ ချိတ်ဆက်မှု တချို့ လုပ်ထားကြောင်း သိရှိရပါတယ်။

ဒါပေမယ့် မီခေး အာတီတာက အာဆင်နယ်နဲ့ အဆင်ပြေနေသလို ထိုက်သင့်တဲ့ အောင်မြင်မှုတွေ ရယူထားနိုင်တာကြောင့် ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ စိတ်မဝင်စားသေးပဲ အာဆင်နယ်အတွက်သာ အပြည့်အဝ အာရုံစိုက်ထားကြောင်း အာတီတာနဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောဆိုထားကြပါတယ်။