စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ ဥက္ကဌ ဖြစ်သူ လာပေါ်တာက သူတို့အသင်းရဲ့ အားကစားဒါရိုက်တာသစ် ဒေကိုဟာ တူရကီ လူငယ်ကြယ်ပွင့် ဂူလာကို အသင်းဆီ ခေါ်ယူနိုင်အောင် ကြိုးစားနေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ တူရကီ လက်ရွေးစင် လူငယ်ကြယ်ပွင့် ဂူလာက ကွင်းလယ်တိုက်စစ် နေရာမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပြီး ဂူလာဟာ အသက်ငယ်သေးပေမယ့် ဘောလုံးအရည်အသွေး ပြည့်ဝလွန်းတဲ့ လူငယ် ကစားသမား တဦးပါ။

Photo Credit: Football Transfer

ဂူလာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဖီနာဘာချီ အတွက် ပြိုင်ပွဲစုံမှာ ၃၅ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဂျာမဏီဂန္တဝင် ကစားသမား ဖြစ်သူ အိုဇေးလ်ကတောင် ဂူလာဟာ အနာဂတ်မှာ သူ့ထက် ပိုကောင်းတဲ့ ကစားသမား ဖြစ်လာလိမ့်မယ်လို့ ချီးကျူးထားပါတယ်။

ဂူလာက အရည်အသွေးမြင့် လူငယ်ကြယ်ပွင့် တဦး ဖြစ်တာကြောင့် ယခု နွေဈေးကွက် အတွင်းမှာ ဘာစီလိုနာ အပါအဝင် ဥရောပ နာမည်ကြီးအသင်းတွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဘာစီလိုနာရဲ့ အားကစားဒါရိုက်တာသစ် ဒေကိုကတော့ ဂူလာဟာ အနာဂတ်မှာ ထိပ်သီး ကစာသမား ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Photo Credit: Being Sports

ဒါကြောင့်ပဲ ဒေကိုက ဂူလာကို ခေါ်ယူဖို့ သူကိုယ်တိုင် ဂူလာရဲ့ အေးဂျင့်တွေ ၊ မိသားစုဝင်တွေနဲ့ တွေ့ဆုံကာ ဂူလာကို ဘာစီလိုနာဆီ ပြောင်းလာအောင် စည်းရုံးနေပြီး ဘာစီလိုနာရဲ့ ဥက္ကဌဖြစ်သူ လာပေါ်တာကလည်း သူတို့အသင်းဟာ ဂူလာကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားနေကြောင်း ပရိသတ်တွေကို အသိပေးသွားပါတယ်။

လာပေါ်တာက – “ဒေကိုက အာဒါ ဂူလာကို ခေါ်နိုင်အောင် ကြိုးစားနေပါတယ်။ လာလီဂါက ကျွန်တော်တို့အသင်းကို ဒီနှစ်ရဲ့ ဘဏ္ဍာရေးစာရင်းထဲ မပါတဲ့ အပြောင်းအရွှေ့တွေကို လုပ်ခွင့် ပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ ကင်းထောက်တွေက အာဒါရဲ့ ခြေစွမ်းကို စောင့်ကြည့်နေတာ အတော်လေး ကြာပါပြီ။ ဒေကိုကလည်း ဂူလာကို အတော်လေး သဘောကျနေပါတယ်။ ကျွန်တော်တို့က ဂူလာကို လာမယ့်နှစ်မှာ ခေါ်ယူနိုင်အောင် ကြိုးစားနေပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။