စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုနဲ့အတူ တောက်ပခဲ့တဲ့ ကွင်းလယ်ကြယ်ပွင့် အမ်ရာဘက်ကို အငှားနဲ့ ခေါ်ယူရန် ကြိုးစားနေကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဂျာရတ် ရိုမဲရိုးက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် မော်ရိုကို ကွင်းလယ်ဗိုလ်ချုပ် အမ်ရာဘက်က ဗဟိုခံစစ်နေရာမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပြီး သူက လိုအပ်ရင် ဗဟိုကွင်းလယ်နဲ့ ဗဟိုနောက်ခံလူ အဖြစ်ပါ ကစားနိုင်စွမ်း ရှိကာ သူ့ရဲ့ လုပ်အားနှုန်းနဲ့ ဘောလုံးယှဉ်လုနိုင်စွမ်းက အထင်ကြီးစရာ ကောင်းပါတယ်။

Photo Credit: Express

အထူးသဖြင့် အမ်ရာဘက်က အသင်းရဲ့ ကွင်းလယ်နဲ့ ခံစစ်ကြောင်းအပေါ် ဩဇာလွှမ်းမိုးနိုင်စွမ်း ရှိပြီး သူ့ရဲ့ ခေါင်းဆောင်မှု ၊ လုပ်အားနှုန်းနဲ့ မဆုတ်မနစ် ကြိုးစားမှုတို့ကြောင့်ပဲ မော်ရိုကိုဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရောပ အသင်းကြီးတွေကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ် အထိ တက်လှမ်းနိုင်ခဲ့တာပါ။

ဒါကြောင့်ပဲ ဘာစီလိုနာနည်းပြ ဇာဗီက အမ်ရာဘက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး ဘက်စ်ကွက် တယောက် အသက်အရွယ်ကြောင့် အကျပိုင်း ရောက်လာချိန် ၊ ဒီဂျောင်ရဲ့ အနာဂတ် မရေမရာ ဖြစ်နေချိန်မှာ ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက အမ်ရာဘက်ကို ခေါ်ယူဖို့ စတင် လှုပ်ရှားလာကြပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဂျာရတ် ရိုမဲရိုးရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက ဘဏ္ဍာရေး အကြပ်အတည်းကြောင့် အမ်ရာဘက်ကို ယခု ဆောင်းဈေးကွက် အတွင်းမှာ အပြီးသတ် မခေါ်နိုင်သေးပေမယ့် အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေပြီး အမ်ရာဘက် အတွက် ဖီအိုရင်တီးနားနဲ့ တရားဝင် ဆွေးနွေးနေသလို အမ်ရာဘက်ကလည်း ဘာစီလိုနာဆီ ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။

အမ်ရာဘက်နဲ့ ဖီအိုရင်တီးနားတို့ရဲ့ ကြားထဲမှာ စာချုပ်သက်တမ်း ၁နှစ်ကျော် ကျန်နေသေးတာကြောင့် ဖီအိုရင်တီးနားက သူတို့ရဲ့ ကွင်းလယ်လူကို အလွယ်တကူ လက်မလွှတ်နိုင်ပေမယ့် အကယ်၍ ဘာစီလိုနာကသာ အမ်ရာဘက်ကို ရာသီဝက်အငှား + ရာသီကုန်မှာ မဖြစ်မနေ အပြီးသတ် ခေါ်ယူပါ့မယ် ဆိုတဲ့ ကမ်းလှမ်းချက်မျိုးနဲ့ ကမ်းလှမ်းခဲ့ရင် ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိနေကာ ဖီအိုရင်တီးနားဟာ အမ်ရာဘက်အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် တောင်းဆိုနိုင်ပါတယ်။