ဘာစီလိုနာအသင်းကတော့ သူတို့အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ နယ်သာလန် ကွင်းလယ်လူ ဖရန့်ကီ ဒီဂျောင်ကို စာချုပ်သစ် ချုပ်ဆိုသွားဖို့ ကြိုးပမ်းတော့မှာ မဟုတ်ဘဲ လာမယ့်နွေဈေးကွက်မှာ အသင်းကနေ ရောင်းထုတ်သွားတော့မှာ ဖြစ်တယ်လို့ Mundo Deportivo ကနေ ဖော်ပြလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေလောက်က ဘာစီလိုနာအသင်းရဲ့ အားကစား ဒါရိုက်တာ ဒေကိုဟာ ပတ်ဒရီ ဂါဗီ အာရူဟိုနဲ့ ဒီဂျောင်တို့လို အသင်းက အဓိက ကစားသမား အများအပြားတွေနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးခဲ့ပေမယ့်လည်း ဒီဂျောင်အတွက် စာချုပ်ကမ်းလှမ်းမှုကတော့ လက်ရှိအချိန်ထိ အဖြေမရသေးဘဲ ကြန့်ကြာလျက်သာ ရှိနေပါတယ်။
Photo Credit : Football Transfer
၂၀၁၉ကတည်းက ဘာစီလိုနာဆီ ရောက်ရှိနေတဲ့ အသက် (၂၇)နှစ်အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဒီဂျောင်ဟာ လက်ရှိမှာတော့ အသင်းနဲ့ ၂၀၂၆ခုနှစ်အထိသာ စာချုပ်သက်တမ်း ကျန်ရှိနေတော့တဲ့အတွက် အသင်းဘက်ကနေ စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းထားခဲ့ပေမယ့်လည်း အခုအထိ ဘာမှ မထူးခြားသေးဘဲ ဖြစ်နေပါတယ်။
ဒီဂျောင်က ဒဏ်ရာတွေလည်း မကြာခဏ ရနေတတ်သူဖြစ်ပြီး အခု ဘာစီလိုနာရဲ့ ကွင်းလယ်မှာ အကယ်ဒမီထွက် ကစားသမားတွေထဲကမှ ပတ်ဒရီ ကာဆာဒိုတို့လို ကြယ်ပွင့်လေးတွေက အားထားရတဲ့ ကစားသမားတွေ ဖြစ်လာတဲ့အပြင် ACL ထိထားတဲ့ မာ့ခ် ဘာနယ်လ်ဆိုရင်လည်း လာမယ့်ရာသီမှာ ပြန်ကစားနိုင်ပါတော့မယ်။
Photo Credit : Barca Blaugranes
ဒါကြောင့် ဘာစီလိုနာဘက်က ဒီဂျောင်အတွက် ကမ်းလှမ်းထားတဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပြန်လည် ရုတ်သိမ်းပြီး လာမယ့် နွေအပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်မှာပဲ အသင်းရဲ့ အရောင်းစာရင်းတင်သွားဖို့ စီစဉ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဘာစီလိုနာက ကွင်းလယ်ပိုင်းအတွက် ဘိုင်ယန် ကွင်းလယ်လူ ကင်မစ်ချ်အပါအဝင် ကွင်းလယ်ကစားသမား တချို့ကို စောင့်ကြည့်နေသလို ဒီဂျောင်ကိုလည်း မန်စီးတီး ဘိုင်ယန် ပီအက်စ်ဂျီအပြင် ဒီဂျောင်နဲ့ သတင်းတွေ အတော်လေး ထွက်ပေါ်ခဲ့ဖူးတဲ့ မန်ယူနိုက်တက်ကပါ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။