ဘာစီလိုနာအသင်းဟာ အဓိကတိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါစကီးရဲ့နေရာကို လာမယ့်နွေရာသီ မှာ အစားထိုးဖို့အတွက် အခုကတည်းက စတင်ပြင်ဆင်နေပြီဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းရဲ့ ဆားဘီးယားတိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို အဓိကပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

အသက် (၃၇)နှစ်အရွယ် ပိုလန်တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးဟာ သူ့ရဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲကို ဝင်ရောက်နေပြီဖြစ်ပြီး ဒါဟာ ဘာစီလိုနာအတွက် သူ့ရဲ့နောက်ဆုံးရာသီ ဖြစ်လာလိမ့်မယ်လို့ အများက သုံးသပ်နေကြပါတယ်။ ဒါ့အပြင် ဘာစီလိုနာအသင်းဟာ ကမ့်နူးကွင်းသစ် ပြန်လည်ဖွင့်လှစ်ဖို့ ကြန့်ကြာနေမှုတွေကြောင့် ဝင်ငွေပိုင်းမှာ ဘတ်ဂျက်လျာထားချက်အောက် ရောက်ရှိနေတာကြောင့် တိုက်စစ်မှူးသစ်အတွက် ငွေအများကြီး သုံးစွဲနိုင်ဖွယ်မရှိပါဘူး။ ဒီအခြေအနေက လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မယ့် ဗလာဟိုဗစ်ကို ပိုပြီး ဦးစားပေးပစ်မှတ် ဖြစ်စေခဲ့ပါတယ်။

Photo Credit : Goal

လာမယ့်နွေရာသီမှာ အသက် (၂၆)နှစ်ပြည့်မယ့် ဗလာဟိုဗစ်ဟာ ဂျူဗင်တပ်စ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ အသင်းတိုင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ သူဟာ ဒီရာသီအဖွင့်မှာ ခြေစွမ်းကောင်းတွေပြသနေပြီး (၄)ပွဲကစားရာမှာ (၄)ဂိုးသွင်း (၁)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအပြောင်းအရွှေ့မှာ ဘာစီလိုနာအတွက် အဓိကအတားအဆီးနှစ်ခု ရှိနေပါတယ်။ ပထမတစ်ခုကတော့ ဗလာဟိုဗစ်ကိုယ်တိုင်က ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ ဦးစားပေးနေတာဖြစ်ပြီး ဒုတိယတစ်ခုကတော့ သူတောင်းဆိုနေတဲ့ တစ်နှစ်လုပ်ခလစာ အသားတင် ယူရို (၁၀)သန်းဟာ ဘာစီလိုနာအတွက် အလွန်မြင့်မားနေတာပါပဲ။

ဘာစီလိုနာအပြင် မန်ချက်စတာ ယူနိုက်တက်နဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတွေကလည်း ဗလာဟိုဗစ်ကို စိတ်ဝင်စားနေကြပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ကတော့ ဒီနွေရာသီမှာ ဘင်ဂျမင် ဆက်ရှ်ကိုကို ငွေအမြောက်အမြားသုံးပြီး ခေါ်ယူထားတာကြောင့် နောက်ထပ်တိုက်စစ်မှူးတစ်ယောက် ခေါ်ယူဖို့ မဖြစ်နိုင်တော့ပါဘူး။

Photo Credit : Goal

အက်သလက်တီကိုကတော့ သူတို့ရဲ့ နံပါတ် (၉)တိုက်စစ်မှူး အလက်ဇန်းဒါး ဆိုလော့သ်ရဲ့ ခြေစွမ်းကို မကျေနပ်တာကြောင့် ဂျူလီယန် အယ်လ်ဗာရက်ဇ်နဲ့ တွဲဖက်ဖို့ တိုက်စစ်မှူးသစ်တစ်ဦး ရှာဖွေနေပြီး ဗလာဟိုဗစ်က သူတို့အတွက် ကွက်တိဖြစ်နေပါတယ်။ ဒါပေမဲ့ သူတို့ကလည်း ဘာစီလိုနာလိုပဲ လစာငွေပိုင်းမှာ အခက်အခဲရှိနိုင်ပါတယ်။

ငွေရေးကြေးရေး အကျပ်အတည်းကြားက လီဝန်ဒေါစကီးရဲ့နေရာကို အစားထိုးဖို့ ကြိုးစားနေရတဲ့ ဘာစီလိုနာအတွက်တော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဗလာဟိုဗစ်က အကောင်းဆုံး အခွင့်အရေးတစ်ခု ဖြစ်နေပေမယ့် သူ့ရဲ့မြင့်မားတဲ့ လစာတောင်းဆိုမှုနဲ့ တခြားကလပ်တွေရဲ့ စိတ်ဝင်စားမှုတွေကြောင့် လာမယ့်နွေရာသီ မှာ အကြိတ်အနယ်ရှိတဲ့ အပြောင်းအရွှေ့တိုက်ပွဲတစ်ခု ဖြစ်လာမှာ သေချာပါတယ်။