စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက နည်းပြသစ် ဟန်ဆီ ဖလစ်ခ်လက်ထက် ပထမဦးဆုံး တန်ကြေးမြင့် ခေါ်ယူမှု အဖြစ် ပြည်တွင်းပြိုင်ဘက် ဘီလ်ဘာအိုရဲ့ လူငယ်ကြယ်ပွင့် ဝီလီယံကို ခေါ်ယူဖို့ စဉ်းစားထားကြောင်း စပိန်ပြည်တွင်း သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဘာစီလိုနာက သူတို့အသင်းကို ၂နှစ်ကျော်ကြာ ကိုင်တွယ်ခဲ့တဲ့ ဂန္တဝင်ကစားသမား ဇာဗီကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် ဂျာမဏီနည်းပြ ဟန်ဆီ ဖလစ်ခ်ကို ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပြီး ဖလစ်ခ်ဟာ ဘာစီလိုနာရဲ့ နည်းပြချုပ် အဖြစ် စတင် တာဝန် ထမ်းဆောင်နေပါပြီ။

Photo Credit: ESPN

ဟန်ဆီ ဖလစ်ခ်က ဘာစီလိုနာရဲ့ နည်းပြချုပ်တာဝန်ကို ရယူချိန်မှာ သူဟာ ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် လူငယ်ကြယ်ပွင့်တွေကို အသုံးပြုပြီး အောင်မြင်မှုတွေ ရယူပေးမယ်လို့ ကတိပေးထားပေမယ့် သူဟာ အခြားအသင်းတွေရဲ့ ထိပ်သီး ကစားသမားတွေကိုလည်း ဘာစီလိုနာဆီ ခေါ်ယူ အားဖြည့်ချင်နေပါတယ်။

တဖက်မှာတော့ အသက် ၂၁နှစ် အရွယ် စပိန်လက်ရွေးစင် လူငယ် တောင်ပံတိုက်စစ် ကစားသမား နီကို ဝီလီယံက လာလီဂါ နာမည်ကြီးကလပ် ဘီလ်ဘာအိုရဲ့ အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပြီး သူက ဘာစီလိုနာရဲ့ လူငယ်ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ ပီဒရီ ၊ ဂါဗီ ၊ ယာမယ်လ် ၊ ကူဘာဆီတို့နည်းပြ စပိန်အသင်းရဲ့ အနာဂတ် အဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

Photo Credit: Standard

နီကို ဝီလီယံက လျင်မြန်တဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်ပြီး သူက ဘယ်တောင်ပံနဲ့ ညာတောင်ပံ နှစ်ဖက်စလုံးမှာ ကစားနိုင်စွမ်း ရှိကာ သူဟာ ဘီလ်ဘာအို အတွက် ပြိုင်ပွဲစုံမှာ ၁၂၂ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၂၀ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂၄ကြိမ် ရရှိထားပါတယ်။

ဘီလ်ဘာအိုနဲ့ နီးစပ်တဲ့ နာမည်ကြီး စပိန်သတင်းထောက် အိုင်ဗန် အန်တိုနီယိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက နီကို ဝီလီယံကို သူတို့အသင်းရဲ့ နွေဈေးကွက် နံပါတ်(၁)ပစ်မှတ် အဖြစ် သတ်မှတ်လိုက်ပြီး ဘာစီလိုနာက နီကို ဝီလီယံရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေးချေဖို့လည်း ဆုံးဖြတ်ထားပေမယ့် ဘာစီလိုနာဟာ နီကို ဝီလီယံရဲ့ စာချုပ်ဖျက်သိမ်းကြေးကို အရစ်ကျစနစ်နဲ့သာ ပေးချေချင်နေကြောင်း သိရှိရပါတယ်။