စပိန် လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းဟာ ခရစ္စတဲလ် ပဲလေ့စ်အသင်းရဲ့ ပြင်သစ် တိုက်စစ်ကစားသမား ဂျင်း ဖီးလစ် မာတေတာကို လာမယ့်နွေဈေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ စပိန်အခြေစိုက် သတင်းမီဒီယာ Fichajes ကနေ ဖော်ပြလာခဲ့ပါတယ်။

ဘာစီလိုနာရဲ့ အဓိက တိုက်စစ်ကစားသမားကြီး ရောဘတ် လီဝန်ဒေါစကီးက လက်ရှိအချိန်ထိ အသင်းမှာ အားထားနေရဆဲ ဖြစ်ပေမယ့်လည်း အသက်(၃၆)နှစ်အရွယ် ရောက်နေပြီဖြစ်သလို ရေရှည်အတွက်လည်း လီဝန်ဒေါစကီးနေရာ အစားထိုးဖို့ စီစဉ်ရတော့မှာဖြစ်လို့ လာမယ့်နွေမှာတော့ တိုက်စစ်မှူးတစ်ဦး ခေါ်ယူသွားရနိုင်ပါတယ်။

Photo Credit : Telegrafi

ဒီအတွက် တိုက်စစ်ကစားသမား အများအပြားကို ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာဟာ အခုလည်း ပဲလေ့စ်အသင်းရဲ့ ပြင်သစ် တိုက်စစ်မှူး မာတေတာကိုပါ ချိန်ရွယ်လာခဲ့ပါတယ်။ အသက်(၂၇)နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၂၁ခုနှစ်ကတည်းက ပဲလေ့စ်အသင်းဆီကို မိန့်ဇ်အသင်းကနေ အငှားနဲ့ ပြောင်းလာခဲ့တာ ဖြစ်ပါတယ်။

အသင်းမှာ ခြေစွမ်းပြနိုင်တဲ့ မာတေတာကို ပဲလေ့စ်ဘက်က အပြီးသတ် ခေါ်ယူလိုက်ပြီးနောက် ပြီးခဲ့တဲ့ ရာသီမှာပဲ သူရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသလာနိုင်ခဲ့ပြီး တစ်ရာသီလုံး ပြိုင်ပွဲစုံ (၁၉)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာဆိုရင်လည်း (၁၆)ဂိုးအထိတောင် သွင်းခဲ့လို့ သူ့ကို ပြင်သစ် အိုလံပစ်အသင်းမှာပါ ရွေးချယ်ခဲ့ပါသေးတယ်။

Photo Credit : Yardbarker

ဒီရာသီထဲမှာလည်း မာတေတာက ပဲလေ့စ်အတွက် ပြိုင်ပွဲစုံ (၁၃)ဂိုးနဲ့ ပရီးမီးယားလိဂ် (၁၀)ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ဒီကစားသမားကို ပရီးမီးယားလိဂ်က ထိပ်သီးကလပ်အသင်းတွေအပြင် ဘာစီလိုနာအသင်းပါ ပါဝင်လာခဲ့ပြီး မာတေတာရဲ့ စာချုပ်သက်တမ်းဟာလည်း ၂၀၂၆အထိသာ ရှိတော့တာမို့ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။

ပဲလေ့စ်က အသင်းမှာ မာတေတာ အပါအဝင် အသင်းခေါင်းဆောင် နောက်ခံကစားသမား ဂေဟီ ကွင်းလယ်တိုက်စစ်ကစားသမား အက်ဇီနဲ့ ကွင်းလယ်ခံစစ်ကစားသမား ဝါတန်တို့ကိုပါ လာမယ့်နွေမှာ အသင်းကနေ ရောင်းထုတ်သွားရဖွယ် ရှိနေပြီး ဘာစီလိုနာက မာတေတာအပြင် ပဲလေ့စ်က ညာနောက်ခံလူ မူနော့ဇ်ကိုပါ စိတ်ဝင်စားနေပါတယ်။