ဘာစီလိုနာ အသင်းဥက္ကဌ ယိုဟန်လာပေါ်တာက ဒီနှစ် နွေဈေးကွက်ကမှ လိဒ်စ်ယူနိုက်တက်အသင်းကနေ ခေါ်ယူထားခဲ့တဲ့ ဘရာဇီးလ် တောင်ပံ တိုက်စစ်ကစားသမား ရာဖင်ဟာကို အသင်းကနေ ပြန်လည် ရောင်းထုတ်သွားဖို့အတွက် ကစားသမားရဲ့ တန်ကြေးကို ယူရိုသန်းတစ်ရာအထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Raphinha | 2022/2023 player page | Forward | FC Barcelona Official website

Photo Credit : FC Barcelona

ဘာစီလိုနာဟာ ဘရာဇီးလ် လက်ရွေးစင် ကစားသမားကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ် ချယ်လ်ဆီး စပါးအသင်းတို့ အပြိုင် ခေါ်ယူခဲ့ရတာ ဖြစ်ပေမဲ့လည်း ရာဖင်ဟာရဲ့ ခြေစွမ်းပိုင်းတွေကို သဘောကျခြင်း မရှိတာကြောင့် အသင်းကနေ ပြန်လည် ရောင်းထုတ်ဖို့အထိပါ ပြင်ဆင်လာခဲ့ပါတယ်။ လတ်တလောမှာတော့ ရာဖင်ဟာကို စီးရီးအေ ထိပ်သီးကလပ် အေစီမီလန်အသင်းက ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့အပြင် ယူကရိန်း တောင်ပံကစားသမား မာဒရစ်ခ်ကို ချယ်လ်ဆီးနဲ့အပြိုင် မခေါ်ယူနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းကပါ ရာဖင်ဟာကို ပြန်လည် ပစ်မှတ်ထားလာခဲ့ပါတယ်။

Barcelona 'want £88.6m for Arsenal-linked Raphinha' - Sports Mole

Photo Credit : Sport Mole

စပိန်ရဲ့အထင်ကရ အားကစားသတင်းစာ Sport ရဲ့ ဖော်ပြချက်တွေအရ အာဆင်နယ်ဟာ မာဒရစ်ခ်ကို အရ မခေါ်ယူနိုင်ခဲ့လို့ အသင်းပစ်မှတ်ဟောင်း ရာဖင်ဟာကို ပစ်မှတ်ထားလာခဲ့ပေမဲ့ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာကတော့ သူတို့ကစားသမားအတွက် တန်ကြေးကို ယူရိုသန်းတစ်ရာအထိ သတ်မှတ်ထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ရာဖင်ဟာ လက်ရှိမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပေမဲ့လည်း ဘာစီလိုနာက သူ့ကို လိဒ်စ်ကနေ ခေါ်ယူဖို့အတွက် ပြောင်းရွေ့ကြေး ယူရိုသန်း(၆၀)နီးပါးလောက်အထိ အသုံးပြုထားခဲ့ရသလို ရာဖင်ဟာကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်မှာ ပိုမို တောက်ပခဲ့သူ ဖြစ်တာကြောင့် သူရဲ့တန်ကြေးကို ယူရိုသန်းတစ်ရာအထိ သတ်မှတ်ထားတာ ဖြစ်နိုင်ပါတယ်။ အာဆင်နယ်အနေနဲ့ကလည်း မာဒရစ်ခ်အတွက် ယူရိုသန်းတစ်ရာနဲ့ ကမ်းလှမ်းဖို့ တွန့်ဆုတ်နေရာကနေ ချယ်လ်ဆီးက အဲ့ဒီပမာဏအတိုင်းနဲ့ ကြားဖြတ် ကမ်းလှမ်းသွားတာကြောင့် မာဒရစ်ခ်ကို လက်လွတ်ခဲ့ရတာ ဖြစ်ပေမဲ့ ရာဖင်ဟာအတွက် ယူရိုသန်းတစ်ရာ သုံးစွဲဖို့ဆိုတာကတော့ ဖြစ်နိုင်ခြေ နည်းနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဈေးကွက်ပိတ်သိမ်းဖို့ (၂)ပတ်နီးပါးလောက် ကျန်ရှိနေသေးတာဖြစ်လို့ အာဆင်နယ်အသင်းဟာ ဘရိုက်တန် ကစားသမား ထရိုဆက်ဒ် အပါအဝင် တခြား တိုက်စစ်ကစားသမားတွေကို ထပ်မံ ကြိုးပမ်းလာနိုင်ဖွယ် ရှိနေပါတယ်။