မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ဂီတာဖေးအသင်းဆီမှာ တစ်ရာသီ အငှားစာချုပ်နဲ့ လာရောက် ကစားနေရတဲ့ အင်္ဂလန် တိုက်စစ်ကစားသမားလေး မေဆန် ဂရင်းဝုဒ်ကို စိတ်ဝင်စားနေကြတဲ့ ကလပ်အသင်းတွေထဲမှာ ဘာစီလိုနာအသင်းပါ ပါဝင်နေတယ်လို့ talkSPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

အတူနေ ချစ်သူမိန်းကလေးအပေါ် ကိုယ်ထိလက်ရောက် လုပ်ဆောင်မှု လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ အမှုရင်ဆိုင်ခဲ့ရပြီး အမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့တဲ့ ဂရင်းဝုဒ်ဟာ ယူနိုက်တက်မှာ သူရဲ့ကစားသမားဘဝကို ဆက်သွားဖို့ ခက်ခဲနေတာကြောင့် နောက်ဆုံးမှာတော့ ဂီတာဖေးအသင်းဆီကိုသာ အငှားနဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။

Photo Credit : Goal

အသက် (၂၂)နှစ်အရွယ် တိုက်စစ်ကစားသမားဟာ ဂီတာဖေးနဲ့ စပိန်မြေမှာ ကျင်လည်နေရတုန်း အသင်းအတွက် ပြိုင်ပွဲစုံ (၁၃)ပွဲထိ ကစားပြီးချိန် (၄)ဂိုးသွင်း (၃)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပြီး (၇)ဂိုးအထိတောင် ဂိုးပါဝင်ပတ်သက်မှု လုပ်ဆောင်ထားနိုင်ခဲ့သလို ဒီနောက်ပိုင်းမှာလည်း ဂီတာဖေးအတွက် ပွဲထွက် ကစားသမားအဖြစ် တောက်လျှောက် ပါဝင်နေရပါတယ်။

ယူနိုက်တက်အသင်း ပရိသတ်တွေကတော့ အသင်းရဲ့ တိုက်စစ်ကစားသမားများဖြစ်သော အန်တိုနီ ရပ်ရှ်ဖို့ဒ် မာရှယ်တို့ထက် ပိုပြီး အရည်အသွေးရှိတဲ့ ဂရင်းဝုဒ်ကို အသင်းဆီ ပြန်လည် ခေါ်ဆောင်ပေးဖို့ တိုက်တွန်းနေသလို ဂီတာဖေးဘက်ကလည်း ဂရင်းဝုဒ်ကို အပြီးသတ် ခေါ်ယူဖို့ စီစဉ်လာခဲ့ပါတယ်။

Photo Credit : beIN SPORTS

ဒီလို စီစဉ်နေချိန်မှာပဲ ဥရောပထိပ်တန်း ကလပ်အသင်းကြီးတွေက ဂရင်းဝုဒ်ရဲ့ အခြေအနေကို စောင့်ကြည့်လာခဲ့ကြပြီး လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာအသင်းပါ ပါဝင်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ဂရင်းဝုဒ်ကိုယ်တိုင်က ဂီတာဖေးမှာ ကစားနေရတာကို အတော်လေး ကျေနပ် ပျော်ရွှင်လျက် ရှိနေပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ အသင်းကို ဆာဂျင်ရက်ကလစ်ဖ် ရောက်ရှိလာချိန်မှာ ဂရင်းဝုဒ်ကို အသင်းထံ ပြန်လည် ခေါ်ဆောင်သွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေပေမယ့် ဒီကိစ္စက ထင်သလောက် လွယ်ကူဖွယ် မရှိပဲ အသင်းကနေ တစ်ခါတည်း အပြီးသတ် ရောင်းချလိုက်ရတာမျိုးပါ ဖြစ်ပေါ်လာနိုင်ပါတယ်။