ဘာစီလိုနာအသင်းကတော့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် ပြောင်းရွှေ့ကြေး မပေးရတဲ့ ကစားသမားတွေကို ဦးစားပေး ခေါ်ယူသွားဖို့ ပြင်ဆင်နေရာ လက်ရှိ အသင်းရဲ့ ပစ်မှတ်ထားနေတဲ့ ကစားသမားစာရင်းထဲမှာ တော့တင်ဟမ် ဟော့စပါးက တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ပါ ပါဝင်လာခဲ့ပါတယ်။

ဘာစီလိုနာက လက်ရှိမှာလည်း အသင်းဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် ပြီးခဲ့တဲ့ နွေတုန်းက လိုက်ပ်ဇစ်ကနေ ခေါ်ယူထားတဲ့ စပိန် ကွင်းလယ်တိုက်စစ်ကစားသမား ဒါနီ အော်လ်မိုကိုပါ အသင်းမှာ register တင်ဖို့အတွက် ခက်ခဲနေရပြီး အခုထိလည်း စာရင်းသွင်းမှု အောင်မြင်ဖို့ ခက်ခက်ခဲခဲ လုပ်ဆောင်နေရပါတယ်။

Photo Credit : The Sun

ဒါကြောင့်မို့ အသင်းအတွက် လိုအပ်နေတဲ့ နေရာတွေအတွက် ကစားသမားသစ် ခေါ်ယူရာမှာ သက်ဆိုင်ရာ ကလပ်အသင်းတွေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမားတွေကို ပိုမို ဦးစားပေး ခေါ်ယူသွားဖို့ ပြင်ဆင်လာပါတော့တယ်။ အခုလည်း နွေမှာ free transfer နဲ့ ခေါ်ယူနိုင်မယ့် ဆွန်ကို စတင် မျက်စိကျလာခဲ့ပြီ ဖြစ်ပါတယ်။

အသက်(၃၂)နှစ်အရွယ် တောင်ကိုရီးယား ကြယ်ပွင့်ကစားသမား ဆွန်ဟောင်မင်က စပါးအသင်းဆီကို ၂၀၁၅ခုနှစ်ကတည်းက ရောက်ရှိနေခဲ့တာဖြစ်ပြီး စပါးမှာ ဟယ်ရီကိန်းနဲ့ တွဲဖက်ပြီး အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့သလို ဟယ်ရီကိန်း မရှိတော့ချိန်မှာလည်း အသင်းခေါင်းဆောင်အဖြစ်နဲ့ အသင်းတိုက်စစ်ကို ဦးဆောင်ခဲ့ပါတယ်။

Photo Credit : Transfermarket

ဒီရာသီထဲမှာတော့ ဆွန်ရဲ့ ခြေစွမ်းပိုင်းတွေ အနည်းငယ် ကျဆင်းလာသလို စပါးဘက်ကလည်း ဆွန်ကို စာချုပ်သက်တမ်း တိုးမြှင့်ဖို့ မသေချာတော့တဲ့ အခြေအနေမှာ ကလပ်အသင်းများစွာက ဆွန်နဲ့ စပါးတို့ရဲ့ အခြေအနေတွေကို စိတ်ဝင်တစား စောင့်ကြည့်လာခဲ့ပြီး ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ပါ ပြင်ဆင်လာပါတယ်။

ဒီအသင်းတွေထဲမှာ ဘာစီလိုနာလည်း ပါဝင်လို့နေပြီး ဆွန်ဟောင်မင်အပြင် လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အီဂျစ် စူပါစတားကြီး မိုဟာမက် ဆာလာနဲ့ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာသွားရဖို့ သေချာနေတဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်တို့ကိုလည်း စောင့်ကြည့်လျက် ရှိနေပြန်ပါတယ်။