စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် ဖရန့်ဖတ်ရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ကာမာဒါကို ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း နာမည်ကြီး ဂျပန် အားကစား သတင်းဌာန တခု ဖြစ်တဲ့ Sports Nipponက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် ဂျပန် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ကာမာဒါက ယခုနှစ် ဘောလုံးရာသီမှာ ဖရန့်ဖတ်ရဲ့ အဓိက ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူက ဖရန့်ဖတ်အတွက် ပြိုင်ပွဲစုံမှာ ၂၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Bild

ကာမာဒါက ကွင်းလယ်တိုက်စစ် ၊ ဗဟိုကွင်းလယ်နဲ့ နောက်ချန်တိုက်စစ်မှူး နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက ဖရန့်ဖတ်ရဲ့ အဓိက ကစားသမား ဖြစ်နေပေမယ့် သူနဲ့ ဖရန့်ဖတ်တို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သက်တမ်း ကုန်ဆုံးဖို့ ရှိနေသလို စာချုပ်သစ် ချုပ်ဖို့လည်း သဘောတူညီမှု မရသေးပါဘူး။

နာမည်ကြီး ဂျပန်သတင်းဌာန ဖြစ်တဲ့ Sports Nipponရဲ့ ဖော်ပြချက်အရ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက ကာမာဒါကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေပြီး ဘာစီလိုနာဟာ ကာမာဒါကို ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ကာမာဒါရဲ့ အေးဂျင့်ဖြစ်သူထံ ချိတ်ဆက်မှု တချို့ပါ လုပ်ဆောင်ထားကြောင်း သိရပါတယ်။

Photo Credit: Bild

ဒါပေမယ့် ကာမာဒါကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဟာ ဘာစီလိုနာ တသင်းထဲ မဟုတ်ပဲ ဘိုင်ယန်မြူးနစ်နဲ့ စပါးတို့ကလည်း ကာမာဒါကို ခေါ်ယူဖို့ အသီးသီး စိတ်ဝင်စားနေကြပြီး ကာမာဒါကတော့ သူ့ရဲ့ အနာဂတ် အတွက် အကောင်းဆုံး ဖြစ်မယ့် အသင်းကို ရာသီကုန်မှာ ရွေးချယ်သွားမယ်လို့လည်း Sports Nipponက ဆိုပါတယ်။

ဂျာမန် သတင်းထောက်တွေကတော့ ဖရန့်ဖတ်ဟာ ကာမာဒါကို လက်မလွှတ်ရအောင် အစွမ်းကုန် ကြိုးစားနေပြီး လုပ်ခလစာ တိုးမြှင့်ကာ စာချုပ်သစ် ကမ်းလှမ်းဖို့ လုပ်ဆောင်နေကြောင်း ဖော်ပြထားကြပါတယ်။