စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက ယခု ဆောင်းဈေးကွက် အတွင်းမှာ အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် အသင်းပြောင်းခွင့် ရထားတဲ့ မန်ချက်စတာ စီးတီး ကွင်းလယ်ခံစစ် ကစားသမား ကယ်ဗင် ဖီးလစ်ကို အငှားနဲ့ ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၈နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကယ်ဗင် ဖီးလစ်က ၂၀၂၂ခုနှစ်မှာ လိဒ်ယူနိုက်တက် ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ယူရို ၄၉သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဒဏ်ရာပြဿနာတွေကြောင့် ခြေစွမ်းကောင်းတွေ ပျောက်ဆုံးနေသူ ဖြစ်ပါတယ်။

Photo Credit: Sky Sports

ကယ်ဗင် ဖီးလစ်က အင်္ဂလန်အသင်းမှာ တောက်လျှောက် ပါဝင်ခွင့် ရနေပေမယ့် မန်ချက်စတာာ စီးတီး နည်းပြချုပ် ပပ် ဂွာဒီယိုလာက သူ့ရဲ့ခြေစွမ်းကို သဘောမကျတာကြောင့် ယခု ဆောင်းဈေးကွက် အတွင်းမှာပဲ အသင်းပြောင်းခွင့် ပေးထားပြီး လက်ရှိမှာ ဥရောပ နာမည်ကြီးကလပ် တချို့က ကယ်ဗင် ဖီးလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ မတ်လောရဲ့ ဖော်ပြချက်အရ ဘာစီလိုနာကလည်း ကယ်ဗင် ဖီးလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲ ပါလာပြီး ဘာစီလိုနာဟာ ကယ်ဗင် ဖီးလစ်ကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူဖို့ ချိန်ဆနေကြောင်း သိရှိရပါတယ်။

Photo Credit: Bein Sports

ဘာစီလိုနာက မန်ချက်စတာ စီးတီးနဲ့ ဆက်ဆံရေးကောင်း တခုကို တည်ဆောက်ထားနိုင်တာကြောင့် နောက်ပိုင်းနှစ်တွေမှာ မန်ချက်စတာ စီးတီးရဲ့ ကစားသမား အများအပြားကို သူတို့အသင်းဆီ ခေါ်ယူထားနိုင်ကာ ပြီးခဲ့တဲ့ နွေဈေးကွက်မှာလည်း ဂန်ဒိုဂန်နဲ့ ကန်ဆယ်လိုတို့ကို ခေါ်ယူထားပါသေးတယ်။

လက်ရှိမှာတော့ ဘာစီလိုနာအပြင် ဂျူဗင်တပ် ၊ စပါး စတဲ့ အသင်းတွေကပါ ကယ်ဗင် ဖီးလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာကြောင့် ဘာစီလိုနာဟာ ကယ်ဗင် ဖီးလစ်ကို ခေါ်ယူချင်ရင် ခပ်သွက်သွက် လှုပ်ရှားဖို့ လိုအပ်နေကာ စီးတီးကတော့ ကယ်ဗင် ဖီးလစ် အတွက် အငှားကြေး ယူရို ၅သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိပါတယ်။