စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဝါရင့် ကွင်းလယ်လူ ဂန်ဒိုဂန်ကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Tele Football သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက ၂၀၂၀ခုနှစ်မှာ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် အရင်လိုမျိုး ထိပ်သီး ကစားသမားတွေကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ ပေးကာ မခေါ်ယူတော့ပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရမယ့် ထိပ်သီး ကစားသမားတွေကိုသာ လိုက်လံ ရှာဖွေနေပါတယ်။

Photo Credit: Goal

ဘာစီလိုနာက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာလည်း ဘယ်နောက်ခံလူ အလွန်ဆို ၊ ညာနောက်ခံလူ ဘယ်လာရင် ၊ ဗဟိုခံစစ်မှူး ခရစ်တန်ဆန် ၊ ကွင်းလယ်လူ ကတ်ဆီး စတဲ့ ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူခဲ့ဖူးပြီး ယခုအချိန်မှာတော့ ဘာစီလိုနာက မန်ချက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကွင်းလယ်လူ ဂန်ဒိုဂန်ကို မျက်စိကျနေပြန်ပါတယ်။

အသက် ၃၂နှစ် အရွယ် ဝါရင့် ဂျာမဏီ လက်ရွေးစင် ကွင်းလယ်လူ ဂန်ဒိုဂန်က မန်ချက်စတာ စီးတီးရဲ့ အရေးပါတဲ့ ကွင်းလယ်လူ တဦး ဖြစ်ပေမယ့် သူနဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေသလို မန်ချက်စတာ စီးတီးကလည်း အသက်အရွယ်ကြောင့် အကျပိုင်း ရောက်တော့မယ့် ဂန်ဒိုဂန်ကို ကာလရှည် စာချုပ်တရပ်နဲ့ ထပ်မံ ကမ်းလှမ်းဖို့ တွန့်ဆုတ်နေပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Tele Football သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက ဂန်ဒိုဂန်နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး အကယ်၍ မန်ချက်စတာ စီးတီးကသာ ဂန်ဒိုဂန်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆန္ဒမရှိရင် ဂန်ဒိုဂန်ကို ကမ်းလှမ်းဖို့ အဆင်သင့် ပြင်ဆင်ထားကာ ဂန်ဒိုဂန်ဟာ သူတို့အသင်းဆီ ပြောင်းရွှေ့လာလိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

ဘာစီလိုနာက အဲရစ် ဂါစီယာ ၊ ဖာရန်း တောရက်စ် စတဲ့ ကစားသမားတွေကို မန်ချက်စတာ စီးတီးဆီ ကနေ ခေါ်ယူဖူးသလို သူတို့အသင်းနဲ့ မန်ချက်စတာ စီးတီးရဲ့ ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေလည်း ရှိနေတာကြောင့် ဂန်ဒိုဂန်က မန်ချက်စတာ စီးတီးကို စွန့်ခွာဖြစ်ရင် ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်း များပြားနေပါတယ်။