စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက သူတို့အသင်းရဲ့ ညာနောက်ခံ နေရာကို အားဖြည့်နိုင်ဖို့ အတွက် ဈေးပေါပေါနဲ့ ရနိုင်မယ့် ခံစစ်မှူးတွေကို ရှာဖွေနေရာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ညာနောက်ခံလူ နှစ်ဦး ဖြစ်တဲ့ ဘစ္စကာနဲ့ ဒါးလော့တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဂျာရတ် ရိုမဲရိုးက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ဘာစီလိုနာက ညာနောက်ခံနေရာ အတွက် ဆာဂျီနို ဒက်စ်နဲ့ ရော်ဘတ်တိုတို့ နှစ်ဦးကို ပိုင်ဆိုင်ထားပေမယ့် နှစ်ဦးစလုံးဟာ အသင်းနည်းပြ ဇာဗီရဲ့ စိတ်ကြိုက် ညာနောက်ခံလူတွေ မဟုတ်ကြသလို အားနည်းချက် ကိုယ်စီ ရှိနေတာကြောင့် ဇာဗီက ဖြစ်နိုင်မယ် ဆိုရင် သူ့ကို ညာနောက်ခံလူ တဦး ခေါ်ယူပေးဖို့ ဘာစီလိုနာ ဘုတ်အဖွဲ့ထံ တောင်းဆိုထားပါတယ်။

 

Photo Credit: Express

ဒါကြောင့်ပဲ ဘာစီလိုနာက ဇာဗီရဲ့ တောင်းဆိုချက်အတိုင်း ညာနောက်ခံလူသစ် တဦးကို ခေါ်ယူဖို့ နွေဈေးကွက် အတွင်းမှာ ဆက်လက် ကြိုးပမ်းနေတာ ဖြစ်ပြီး သူတို့အသင်းရဲ့ ပစ်မှတ် ကစားသမားတွေထဲမှာ မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာခွင့် ရထားတဲ့ အင်္ဂလန် ညာနောက်ခံလူ ဘစ္စကာနဲ့ လက်ရှိမှာ ယူနိုက်တက်ရဲ့ ညာနောက်ခံ နေရာကို အပိုင်စား ရရှိထားတဲ့ ဒါးလော့တို့ ပါဝင်နေပါတယ်။

ဘာစီလိုနာက ပေါ်တူဂီ ညာနောက်ခံလူ ဒါးလော့ကို မန်ချက်စတာ ယူနိုက်တက်ဆီကနေ ခေါ်ယူဖို့ ကာလရှည် စိတ်ဝင်စားခဲ့တာ ဖြစ်ပြီး ခံစစ်အားသန် အင်္ဂလန် ညာနောက်ခံလူ ဘစ္စကာကိုတော့ ယခု နွေဈေးကွက်မှသာ ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Express

ဘာစီလိုနာက ယခု နွေဈေးကွက် အတွင်းမှာ ပြောင်းရွှေ့ကြေး ယူရို ၁၅၀သန်း နီးပါးကို အသုံးပြုထားတာကြောင့် သူတို့အသင်းရဲ့ ညာနောက်ခံနေရာ အတွက် နောက်ထပ် ပြောင်းရွှေ့ကြေး များစွာကို ထပ်မံ မသုံးချင်တော့ပဲ ပြောင်းရွှေ့ကြေး နည်းနည်းနဲ့ အရည်အသွေးမီ ညာနောက်ခံလူ တဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပါတယ်။

ဘာစီလိုနာနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ရိုမဲရိုးရဲ့ ဖော်ပြချက်အရ ဘာစီလိုနာရဲ့ ပစ်မှတ် စာရင်းထဲမှာ ဒါးလော့နဲ့ ဘစ္စကာတို့ ပါဝင်နေခဲ့ပြီး ဘာစီလိုနာက စပိန်နောက်ခံလူ ဖွိုက်စ်နဲ့ ဝါရင့် ဘယ်လ်ဂျီယံ ညာနောက်ခံလူ မူနီယာတို့ကို မခေါ်နိုင်ခဲ့ရင် ဒါးလော့နဲ့ ဘစ္စကာတို့ နှစ်ဦးထဲက တဦးကို ခေါ်ယူဖို့ စီစဉ်ထားကြောင်း သိရပါတယ်။